၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု J ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ
အုပ်စု J က ဘောလုံးဝါသနာအိုးတွေ အထူးစောင့်ကြည့်ရမယ့် အုပ်စုဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ဒီအုပ်စုမှာ လီယွန်နယ်မက်ဆီနဲ့အတူ လက်ရှိကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်း ပါဝင်နေလို့ပါပဲ။
ချန်ပီယံ အာဂျင်တီးနားနဲ့အတူ ခြေစွမ်းထက်မြက်တဲ့ အယ်လ်ဂျီးရီးယားနဲ့ သြစတြီးယားတို့လည်း ဒီအုပ်စုမှာ ပါဝင်နေပါတယ်။
နှစ်သင်းစလုံးက လက်ရှိချန်ပီယံကို အနိုင်ယူဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။
အထူးသဖြင့် အယ်လ်ဂျီးရီးယား ဒါမှမဟုတ် သြစတြီးယားတို့က မက်ဆီနဲ့ အာဂျင်တီးနားကို အနိုင်ယူနိုင်ခဲ့ရင် အုပ်စုတွင်းပြိုင်ဆိုင်မှုက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါလိမ့်မယ်။
အုပ်စု (J) က အသင်းများ
အယ်လ်ဂျီးရီးယား
ဒီပြိုင်ပွဲက အယ်လ်ဂျီးရီးယားရဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားခရီးစဉ်ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယားရဲ့အကောင်းဆုံးရလဒ်ကတော့ ၂၀၁၄ တုန်းကဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်ကို တက်နိုင်ခဲ့ပါတယ်။
အဲဒီတုန်းက ချန်ပီယံဖြစ်သွားတဲ့ ဂျာမနီကို အချိန်ပိုအထိရောက်အောင် ဒုက္ခပေးနိုင်ခဲ့ပါတယ်။
အခုတစ်ခေါက်မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အာဖရိကနိုင်ငံတွေထဲမှာ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ မော်ရိုကိုရဲ့ခြေစွမ်းကို အားကျပြီး ကြိုးစားလာကြမှာ ဖြစ်ပါတယ်။
အဓိကကစားသမားများ - ရာမီဘန်ဆီဘာနီ၊ ရီယတ်မာရက်ဇ်၊ အီဘရာဟင်မာဇာ
အာဂျင်တီးနာ
လက်ရှိချန်ပီယံအာဂျင်တီးနားက ၂၀၂၆ ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းစာရင်းထဲ ပါဝင်နေပါတယ်။
ဒီပြိုင်ပွဲက လီယွန်နယ်မက်ဆီအတွက် စံချိန်တင် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်သလို ကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။
အာဂျင်တီးနားသာ ချန်ပီယံဆုကို ဆက်ကာကွယ်နိုင်ခဲ့ရင်တော့ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက်ရခဲ့တဲ့ ဘရာဇီး (၁၉၅၈ နဲ့ ၁၉၆၂) နဲ့ အီတလီ (၁၉၃၄ နဲ့ ၁၉၃၈) တို့လို သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။
အဓိကကစားသမားများ - အီမီလီယာနိုမာတီနက်ဇ်၊ လော်တာရိုမာတီနက်ဇ်၊ လီယွန်နယ်မက်ဆီ
သြစတြီးယား
၂၈ နှစ်အကြာမှ ကမ္ဘာ့ဖလားကို ပြန်ရောက်လာတဲ့ သြစတြီးယားအသင်းက ရည်မှန်းချက်ကြီးမားပါတယ်။
အသင်းမှာ တိုက်စစ်အားသန်ကစားပုံကြောင့် နာမည်ကြီးတဲ့ နည်းပြရပ်ဖ်ရန်းနစ်ရှိနေပါတယ်။
ဩစတြီးယားက ခြေစစ်ပွဲ ၈ ပွဲမှာ ၆ ပွဲအထိ အနိုင်ရပြီး တက်လာခဲ့တာပါ။ ယူရို ၂၀၂၄ တုန်းကလည်း ပြင်သစ်နဲ့ နယ်သာလန်တို့ပါတဲ့ အုပ်စုမှာ ပထမရခဲ့တာကြောင့် အာဂျင်တီးနားအတွက် တကယ့်ပြိုင်ဘက်ကောင်း ဖြစ်လာဖို့ရှိနေပါတယ်။
အဓိကကစားသမားများ - ဒေးဗစ်အလာဘာ၊ မာကိုအနော်တိုဗစ်၊ မာဆယ်ဆာဘစ်ဇာ
ဂျော်ဒန်
ဂျော်ဒန်က ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် လာကန်ခွင့်ရတဲ့ နိုင်ငံလေးနိုင်ငံထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ အသင်း ၄၈ သင်းအထိ တိုးချဲ့လိုက်တဲ့အတွက် အခုလို အခွင့်အရေးရလာတာဖြစ်ပါတယ်။
ဒါပေမဲ့ အင်အားတောင့်တင်းတဲ့ အုပ်စု J မှာ ကျရောက်နေတာကြောင့် ဂျော်ဒန်အတွက်တော့ ရလဒ်ကောင်းရဖို့ တော်တော်လေး ရုန်းကန်ရပါလိမ့်မယ်။
အဓိကကစားသမားများ - ယာဇန်အယ်လ်အာရပ်၊ မူဆာအယ်လ်တာမာရီ၊ အလီအိုလွမ်
ခန့်မှန်းချက်
၁.အာဂျင်တီးနား
၂.ဩစတြီးယား
၃.အယ်လ်ဂျီးရီးယား
၄.ဂျော်ဒန်