၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု E အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ
ကမ္ဘာ့ဖလား လေးကြိမ်ရဖူးတဲ့ အသင်းကြီးနဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ အသေးငယ်ဆုံးနိုင်ငံတို့ ပါဝင်နေတဲ့ အုပ်စု (E) က ကူရာကာအို၊ အီကွေဒေါ၊ ဂျာမနီနဲ့ အိုင်ဗရီကို့စ်တို့ကြား အကြိတ်အနယ် ရှိနေနိုင်ပါတယ်။
ဒီအုပ်စုမှာ ဂျာမနီက အုပ်စုပထမရဖို့ ရေပန်းအစားဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ ချန်ပီယံဖြစ်ပြီးကတည်းက ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတွေမှာ ဂျာမနီအသင်းက အုပ်စုအဆင့်နဲ့တင် လှည့်ပြန်ခဲ့ရဖူးပါတယ်။
ဂျာမနီက ပထမဆုံးပွဲစဉ်ကို နိုင်ငံလူဦးရေ ၁ သိန်း ၅ သောင်းကျော်ပဲရှိတဲ့ ကူရာကာအိုအသင်းနဲ့ ဟူစတန်မြို့က NRG အားကစားကွင်းမှာ ကစားရမှာဖြစ်ပါတယ်။
အီကွေဒေါအသင်းကတော့ ဥရောပထိပ်တန်းကလပ်တွေမှာ ကစားနေတဲ့ ကစားသမားတွေနဲ့ ခိုင်မာတဲ့ခံစစ်ရှိတာကြောင့် အသင်းကောင်းတစ်သင်း ဖြစ်လာနိုင်ပါတယ်။
ဒါက အီကွေဒေါအတွက် ပဉ္စမမြောက်ကမ္ဘာ့ဖလားဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အသင်းကလည်း ဒရော့ဘာနဲ့ ယာယာတိုရေးတို့လို ရွှေရောင်မျိုးဆက်တွေ ရှိခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ပြန်ကန်ခွင့်ရတာ ဖြစ်ပါတယ်။
အုပ်စု (E) က အသင်းများ
ကူရာကာအို
ကမ္ဘာ့ဖလားသမိုင်းမှာ အသေးငယ်ဆုံးနိုင်ငံဖြစ်ပေမဲ့ နယ်သာလန်လူငယ်အသင်းကနေလာတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားလို့ လူစာရင်းက တောင့်တင်းပါတယ်။ ခြေစစ်ပွဲ ၁၀ ပွဲမှာ ၅ ဂိုးပဲ ပေးခဲ့ရသလို၊ ဂိုးသမား အီလွိုင်းရွမ်းကလည်း မေဂျာလိဂ်ကလပ် ကိုလံဘတ်စ်ခရူမှာ ၅ ရာသီကြာ ကစားခဲ့ဖူးလို့ လူသိများပါတယ်။
အဓိကကစားသမားများ - လီအန်ဒရိုဘာကူနာ၊ တာဟစ်ချောင်၊ ရစ်ချ်ဒ်လီဘာဇိုး
အီကွေဒေါ
ချဲလ်ဆီးကွင်းလယ်လူ ကိုင်စီဒိုနဲ့အတူ ဒီနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာကစားခဲ့တဲ့ နောက်ခံလူတွေဖြစ်တဲ့ ပါချိုနဲ့ ဟင်ကာပီတို့ရှိနေတာကြောင့် အီကွေဒေါကို ဂိုးသွင်းရ ခက်ခဲပါလိမ့်မယ်။ ဒီပြိုင်ပွဲက အီကွေဒေါအတွက် ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်ပြီး ၂၀၀၆ တုန်းကတော့ ရှုံးထွက်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ဖူးပါတယ်။
အဓိကကစားသမားများ - ကိုင်စီဒို၊ ပီယာရိုဟင်ကာပီ၊ ဝီလီယံပါချို၊ အန်နာဗလန်စီယာ
ဂျာမနီ
၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့ပေမဲ့ နောက်ပြိုင်ပွဲ ၂ ကြိမ်ဆက် အုပ်စုအဆင့်ကနေ အရှက်တကွဲ ထွက်ခဲ့ရပါတယ်။ နည်းပြ ဂျူလီယန်နာဂယ်စ်မန်းကတော့ ၂၀၂၃ခုနှစ်အစောပိုင်းကတည်းက အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ယူရို ၂၀၂၄ မှာတော့ အသင်းကို ကွာတားဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အဓိကကစားသမားများ - ဖလိုရီယန်ဝစ်ဇ်၊ ဂျာမယ်လ်မူစီယာလာ၊ ဂျော့ရှုအာကင်မစ်ချ်၊ အန်တိုနီယိုရူဒီဂါ
အိုင်ဗရီကို့စ်
အိုင်ဗရီကို့စ်က ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတွေမှာ ခြေစစ်ပွဲမအောင်ခဲ့ဘဲ ဒီနှစ်မှ ပြန်ပါလာတာဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာတော့ တောင့်တင်းတဲ့လူစာရင်းကြောင့် ရှုံးထွက်အဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းရှိနေပါတယ်။
အသင်းခေါင်းဆောင် ဖရန့်ကက်ဆီးဟာ အသက် ၂၉ နှစ်မှာတင် လက်ရွေးစင်ပွဲပေါင်း ၁၀၀ ပြည့်ထားတဲ့ ဝါရင့်ကစားသမားဖြစ်ပါတယ်။
အဓိကကစားသမားများ - နီကိုလပ်စ်ပီပီ၊ ဖရန့်ကက်ဆီ၊ အီဘရာဟင်ဆန်ဂါရီ
ခန့်မှန်းချက်
၁.ဂျာမနီ
၂.အီကွေဒေါ
၃.အိုင်ဗရီကို့စ်
၄.ကူရာကာအို