The network connection is lost.

Banner Image

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အံ့အားသင့်စရာအကောင်းဆုံးရလဒ်များကို ပြန်လည်ဆန်းစစ်ခြင်း

နှစ် ၁၀၀ နီးပါး သက်တမ်းရှိလာတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့သမိုင်းတလျှောက်မှာ မထင်မှတ်ထားတဲ့ရလဒ်တွေ ဆက်တိုက်ဖန်တီးပေးနိုင်ခဲ့လို့ လူကြိုက်များမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ Flashscore ရဲ့ခြေရာခံမှုမှတဆင့် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် လူသိအများဆုံး အံ့အားသင့်စရာ ရလဒ်တွေကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။

၁၀) အာဂျင်တီးနား ၁-၂ ဆော်ဒီအာရေဗျ (အုပ်စုအဆင့်၊ ၂၀၂၂ ကာတာကမ္ဘာ့ဖလား)
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ခရီးလမ်းက အုပ်စုအဖွင့်ပွဲစဉ်မှာတင် ဆော်ဒီအာရေဗျအသင်းရဲ့ အံ့အားသင့်ဖွယ်အနိုင်ယူမှုကြောင့် ခက်ခက်ခဲခဲ စတင်ခဲ့ရပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန် ၁၀ မိနစ်မှာတင် မက်ဆီက ပယ်နယ်တီမှတဆင့် ဦးဆောင်ဂိုးသွင်းယူပေးခဲ့လို့ လူအများမျှော်လင့်ထားသလို ဖြစ်နေခဲ့ပေမဲ့ အောက်အသင်းဖြစ်တဲ့ဆော်ဒီက ပွဲချိန် ၄၈ မိနစ်မှာ ဆာလေအယ်လ်ရှာဟရီရဲ့ချေပဂိုးနဲ့အတူ ပြိုင်ပွဲလမ်းကြောင်းကို ပြောင်းလဲပစ်ခဲ့ပါတယ်။ နောက်ထပ် ငါးမိနစ်အကြာမှာပဲ ဆာလမ်အယ်လ်ဒေါဆာရီက ဂိုးသမားမာတီနက်ဇ်ကို ကျော်ဖြတ်ပြီး အနိုင်ဂိုးကို လှလှပပသွင်းယူခဲ့လို့ ပွဲစဉ်တစ်ခုလုံးရဲ့သမိုင်းကြောင်း ပြောင်းလဲသွားခဲ့ပါတယ်။

၉) စပိန် ၂-၃ နိုင်ဂျီးရီးယား (အုပ်စုအဆင့်၊ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလား)
နိုင်ဂျီးရီးယားအသင်းက ၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ စပိန်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ယူပြီး ဘောလုံးသမိုင်းတစ်လျှောက် အံ့အားသင့်စရာအကောင်းဆုံးရလဒ်တွေအနက် တစ်ခုကို ဖန်တီးခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပြီး စပိန်အသင်းရဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်မှုကို နိုင်ဂျီးရီးယားအသင်းကလည်း အကြိမ်ကြိမ် ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆန်းဒေးအိုလီဆေးရဲ့ ကိုက် ၃၀ အကွာ အဝေးကန်ချက်က ဂိုးသမားဇူဘီဇာရီတာကို ကျော်ဖြတ်ပြီး ဂိုးဝင်သွားလို့ နိုင်ဂျီးရီးယားအတွက် အဖိုးတန်သမိုင်းဝင်နိုင်ပွဲတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

၈) အရှေ့ဂျာမနီ ၁-၀ အနောက်ဂျာမနီ (အုပ်စုအဆင့်၊ ၁၉၇၄ ဂျာမနီကမ္ဘာ့ဖလား)
အနောက်ဂျာမနီအသင်းရဲ့လူစာရင်းမှာ ပရော်ဖက်ရှင်နယ်အကျော်အမော်ကစားသမားတွေဖြစ်တဲ့ ဘတ်ကင်ဘောင်ဝါနဲ့ ဂတ်မူလာတို့လို ကမ္ဘာ့အဆင့်မီဘောလုံးကြယ်ပွင့်တွေ ပါဝင်လာခဲ့ပြီး အရှေ့ဂျာမနီအသင်းမှာတော့ အပျော်တမ်းကစားသမားတွေနဲ့သာ စုဖွဲ့လာခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာ စပါဝက်ဆာက အဝေးဘောပေးပို့မှုကို လက်ခံရယူပြီး အနောက်ဂျာမနီခံစစ်မှူးတွေဖြစ်ကြတဲ့ ဘာတီဗော့ဂ်စ်နဲ့ ဆပ်ပ်မိုင်ယာတို့ကို ကျော်ဖြတ်ကာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဒါက သမိုင်းတလျှောက် အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီတို့ တရားဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ တစ်ခုတည်းသောဘောလုံးပွဲစဉ်လည်း ဖြစ်ပါတယ်။

၇) အီတလီ ၀-၁ ကော်စတာရီကာ (အုပ်စုအဆင့်၊ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလား)
အုပ်စုတွင်းပြိုင်ဘက်အသင်းတွေနဲ့ယှဉ်ရင် ကမ္ဘာ့ဖလားချန်ပီယံဆုမရရှိဖူးသေးတဲ့ တစ်ခုတည်းသောအသင်းဖြစ်ပေမဲ့ ကော်စတာရီကာက ခြေစစ်ပွဲမှာ ဒုတိယနေရာရရှိအောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီးနောက် ယုံကြည်မှုအပြည့်နဲ့ ဘရာဇီးမြေမှာကျင်းပတဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးဆီ ရောက်ရှိလာပါတယ်။

အီတလီကစားသမားတွေကိုယ်တိုင်လည်း ပြိုင်ဘက်ကို လျှော့တွက်ခဲ့ပုံရပြီး ကော်စတာရီကာအတွက် အဖိုးတန်အနိုင်ဂိုးကို ဂျူနီယာဒီယက်ဇ်ရဲ့ဖြတ်တင်ဘောမှတဆင့် ဘရိုင်ယန်ရုဇ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးကိုတော့ ဂိုးလိုင်းနည်းပညာနဲ့ တရားဝင်အတည်ပြုနိုင်ခဲ့ပါတယ်။

၆) ပြင်သစ် ၀-၁ ဆီနီဂေါ (အုပ်စုအဆင့်၊ ၂၀၀၂ ကိုရီးယား/ဂျပန်ကမ္ဘာ့ဖလား)
ကမ္ဘာ့ဖလားနဲ့ ယူရို(ဥရောပ)ချန်ပီယံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လာတဲ့ ပြင်သစ်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဆီနီဂေါအပေါ် အပြတ်အသတ်အနိုင်ယူဖို့ ရေပန်းစားခဲ့ပါတယ်။

ပြင်သစ်ရဲ့အဓိကကစားသမားဖြစ်တဲ့ ကွင်းလယ်ဖန်တီးရှင်ဇီဒန်းကတော့ ခြေစမ်းပွဲစဉ်မှာရရှိခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် အခုပွဲစဉ်ကို လွဲချော်ခဲ့ပြီး လက်ရှိချန်ပီယံတွေရဲ့တိုက်စစ်ပိုင်း အာနည်းနေခဲ့ပါတယ်။ ပွဲချိန်မိနစ် ၃၀ မှာ ဒီအုပ်က ဒီအော့ဖ်ရဲ့ ဖြတ်တင်ဘောမှတဆင့် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

၅) အင်္ဂလန် ၀-၁ အမေရိကန် (၁၉၅၀ ဘရာဇီးကမ္ဘာ့ဖလား)
အင်္ဂလန်အသင်းက သူတို့ရဲ့ပထမဆုံးကမ္ဘာ့ဖလားပွဲစဉ်အဖြစ် ဝင်ရောက်ကစားခဲ့ပြီး ပြိုင်ပွဲတစ်ခုလုံးမှာလည်း ချန်ပီယံဖြစ်ဖို့ အပြတ်အသတ် ရေပန်းစားခဲ့ပါတယ်။ အမေရိကန်အသင်းကတော့ အချိန်ပိုင်း၊ အပျော်တမ်းကစားသမားတွေနဲ့ပဲ စုဖွဲ့ထားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ လက်ရွေးစင်အဆင့်နောက်ဆုံးခုနစ်ပွဲဆက်ရှုံးနိမ့်ထားတဲ့ အမေရိကန်အသင်းကို အင်္ဂလန်အသင်းက အပြတ်အသတ်အသာစီးရယူကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၃၈ မိနစ်မှာ ဝေါလ်တာဘားရဲ့ကန်ချက်ကို ဟေတီနွယ်ဖွားတိုက်စစ်မှူးဂျိုးဂတ်ဂျန်းစ်က လမ်းကြောင်းပြောင်းပေးကာ သမိုင်းဝင်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

၄) တောင်ကိုရီးယား ၂-၁ အီတလီ (၁၆ သင်းရှုံးထွက်အဆင့်၊ ၂၀၀၂ တောင်ကိုရီးယား/ဂျပန်ကမ္ဘာ့ဖလား)
ဒီပွဲစဉ်ကို အီကွေဒေါနိုင်ငံသား ဒိုင်လူကြီးဘိုင်ရွန်မိုရီနိုက ကိုင်တွယ်ခဲ့ပြီး သူ့ရဲ့အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ခြစားမှုစွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

အချိန်ပိုပွဲကစားချိန်အတွင်း ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ဟန်ဆောင်လဲချတယ်ဆိုတဲ့ စွဲချက်နဲ့ တော့တီကို ကွင်းလယ်ဒိုင်က နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်သံပြန်လည်ပြသချက်တွေကို ပြန်ကြည့်ရင် တော့တီက ဖြတ်ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီအသင်းအတွက် တွမ်မာဆီက အဖိုးတန်ရွှေဂိုးသွင်းယူပေးခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က လူကျွံဘောအဖြစ်သတ်မှတ်ကာ မှားယွင်းပယ်ဖျက်ခဲ့ပါတယ်။

ပွဲချိန် ၁၁၇ မိနစ်မှာ အန်ဂျောင်ဟွမ်က ရွှေဂိုး(Golden goal)ကို ခေါင်းတိုက်သွင်းယူကာ အီတလီကို ပြိုင်ပွဲမှ ထွက်ခွာသွားစေခဲ့ပါတယ်။

၃) ဘရာဇီး ၁-၂ နော်ဝေ (အုပ်စုအဆင့်၊ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလား)
ဘရာဇီးအသင်းက စကော့တလန်နဲ့ မော်ရိုကိုတို့ကို အနိုင်ယူပြီး အုပ်စုပထမနေရာနဲ့အတူ ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းထားနိုင်ပြီး နော်ဝေအသင်းကတော့ မော်ရိုကိုကိုကျော်ဖြတ်ကာ အုပ်စုဒုတိယနေရာရရှိဖို့အတွက် ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ဘရာဇီးကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေခဲ့ပါတယ်။

ပွဲစဉ်တစ်လျှောက်လုံး ဘရာဇီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားခဲ့ပေမဲ့ အီဂီလ်အိုဆန်ရဲ့ စနစ်ကျပြီး ကြံ့ခိုင်မှုအားကောင်းတဲ့ နော်ဝေအသင်းကလည်း ခံစစ်ကို ပီပီပြင်ပြင်ကစားကာ အကောင်းဆုံးတုံ့ပြန်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ဘီဘီတိုရဲ့ဦးဆောင်ဂိုးကို တိုရီအန်ဒရီဖလိုက ပြန်လည်ချေပခဲ့ပြီး ပွဲချိန် ၈၉ မိနစ်မှာ ကတ်တေးလ်ရက်ခ်ဒေါက ပယ်နယ်တီမှတဆင့် အနိုင်ဂိုးကို အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။

၂) အနောက်ဂျာမနီ ၁-၂ အယ်လ်ဂျီးရီးယား (အုပ်စုအဆင့်၊ ၁၉၈၂ စပိန်ကမ္ဘာ့ဖလား)
၁၉၇၈ ကမ္ဘာ့ဖလားမှာ တူနီးရှားနဲ့ သရေကျခဲ့ဖူးတဲ့ ဂျာမန်တွေက ဂီဂျွန်မှာကစားမယ့်ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်အယ်လ်ဂျီးရီးယားကို အံ့အားသင့်လောက်စရာကောင်းအောင် လျှော့တွက်ခဲ့ပြီး နည်းပြဂျက်ပ်ဒါဝေါလ်ကိုယ်တိုင် "တကယ်လို့ အယ်လ်ဂျီးရီးယားကိုမှ မနိုင်ရင် နောက်ရထားနဲ့ အိမ်ပြန်သွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။

ပွဲချိန်အတွင်းမှာတော့ အယ်လ်ဂျီးရီးယားကြယ်ပွင့်ရာဘတ်မက်ဂျာက ပွဲချိန် ၅၄ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး အနောက်ဂျာမနီအတွက် ချေပဂိုးကို ပွဲချိန် ၆၇ မိနစ်မှာ ကပ္ပတိန်ရူမင်နစ်ဂီက အနီးကပ်သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်မိနစ်အကြာမှာပဲ  ဆာလာအာဆတ်ရဲ့ဖန်တီးပေးမှုကို လတ်ခ်ဒါဘယ်လူမီက အသာအယာပိတ်သွင်းယူကာ သမိုင်းဝင်နိုင်ပွဲတစ်ခုကို ဖန်တီးခဲ့ပါတယ်။

၁) အာဂျင်တီးနား ၀-၁ ကင်မရွန်း (အုပ်စုအဆင့်၊ ၁၉၉၀ အီတလီကမ္ဘာ့ဖလား)
၁၉၉၀ ပြည့်နှစ်၊ ဇွန် ၈ ရက်၊ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကင်မရွန်းအသင်းက လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးအံ့ဖွယ်ရလဒ်ကို ဖန်တီးခဲ့ပါတယ်။

ကင်မရွန်းအသင်းရဲ့နည်းစနစ်ပိုင်းက အာဂျင်တီးနားရဲ့စူပါစတား၊ အသင်းခေါင်းဆောင်မာရာဒိုနာကို ဟန့်တားဖို့အတွက် ကြမ်းကြမ်းတမ်းတမ်းပြင်းပြင်းထန်ထန်ကစားပုံအပေါ် အခြေခံခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီးမီရှဲလ်ဗောထရော့တ်အတွက်လည်း ပွဲကိုထိန်းသိမ်းနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

အခုပွဲစဉ်အတွင်း ဖရန်ဆွာအိုမန်ဘီယစ်ခ်ရဲ့ခေါင်းတိုက်ချက်ကို အာဂျင်တီးနားဂိုးသမားနီရီပွန်ပီဒို ပုတ်ထုတ်ကာကွယ်ဖို့ ကြိုးပမ်းရာမှတဆင့် ဂိုးထဲဝင်သွားရာ ကင်မရွန်းအတွက် သမိုင်းဝင်အနိုင်ဂိုး ပေါ်ပေါက်လာခဲ့ပါတယ်။