ဟားလ်စီးတီးပရိသတ်တွေဆီ ယုံကြည်မှုအပြည့်နဲ့ သတင်းစကား သတင်းစကားပါးလာတဲ့ အသင်းပိုင်ရှင်အီလီကာလီ
ဟားလ်စီးတီးအသင်းပိုင်ရှင်အာဆန်အီလီကာလီက ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် ရရှိပြီးနောက် ပရိသတ်တွေအတွက် အားတက်စရာသတင်းစကားတစ်ခု ပေးပို့လိုက်ပါတယ်။
ဟားလ်စီးတီးအသင်းက ချန်ပီယံရှစ်ပလေးအော့ဖ်ဖိုင်နယ်မှာ မစ်ဒယ်ဘရော့ကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး အင်္ဂလန်ထိပ်တန်းလိဂ်ဆီ ကိုးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာပါတယ်။
ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိခြင်းကြောင့် ငွေကြေးဆိုင်ရာအကျိုးအမြတ်တွေ အများကြီးသယ်ဆောင်လာနိုင်ပြီး တန်းတင်ကျန်ရစ်ဖို့ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် အသင်းအင်အားဖြည့်တင်းဖို့အတွက် အနည်းဆုံး ပေါင်သန်း ၂၀၀ ဝန်းကျင်အထိ အပိုဆောင်းရရှိလာပါလိမ့်မယ်။
Hull Live နဲ့ တွေ့ဆုံချိန် အီလီကာလီက အသင်းအတွက် အသင်းကို လျှော့တွက်ခံရတဲ့ အနေအထားမျိုး (underdogs) ဖြစ်နေမှုကို သဘောကျပြီး ပြိုင်ဘက်တွေ ကြောက်ရွံ့ရမယ့် အသင်းတစ်ခုဖြစ်အောင် ဖန်တီးဖို့ စီစဉ်ထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
"လောင်းကစားဒိုင်တွေက ကျွန်တော်တို့ကို ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်ဖို့ အခွင့်အရေး ၂၅ ရာခိုင်နှုန်းပဲ ပေးထားကြပြီး ဒါကို ကျွန်တော် သဘောကျပါတယ်။"
"တကယ်လို့ ကျွန်တော်တို့ တန်းဆင်းသွားခဲ့ရင်တောင် အရာအားလုံးကို စနစ်တကျ လုပ်ဆောင်ပြီး တန်းတက်ခွင့်ချက်ချင်းရရှိအောင် အပြင်းအထန်ကြိုးပမ်းကာ ပိုမိုတောင့်တင်းတဲ့ပုံစံနဲ့ ပြန်လာပါမယ်။ လိဒ်စ်ယူနိုက်တက်က ကောင်းမွန်တဲ့ သာဓကတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့နောက်ထပ်ပစ်မှတ်နဲ့အိပ်မက်က ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့လို ဖြစ်လာဖို့ပါပဲ။ နောက်ထပ်အိပ်မက်ကတော့ လက်စတာလိုအသင်းမျိုး ဖြစ်လာဖို့ပါပဲ။"
"ဒါ အမြင့်မားဆုံးရည်မှန်းချက်ပါ။ ကျွန်တော်တို့ တတ်နိုင်သမျှ ဘာလို့ ခရီးဝေးဝေး မသွားနိုင်ရမှာလဲ။ အမှားအယွင်းတွေ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အပြည့်အဝအာရုံစိုက်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဒီကလပ်အသင်းအတွက် ကျွန်တော် အရာအားလုံး ပေးဆပ်ခဲ့ပြီးပါပြီ။"
"အခု ကျွန်တော်တို့ ပရီးမီးယားလိဂ်ဆီ ရောက်ရှိသွားပြီဖြစ်လို့ ကျွန်တော့်မှာ ဘယ်လောက်အထိ လှုံ့ဆော်မှုတွေ ရှိနေမလဲဆိုတာ ခင်ဗျားတို့ နားလည်နိုင်ပါ့မလား။ ပြီးခဲ့တဲ့နှစ်၊ အတိဒုက္ခရောက်ခဲ့ချိန်မှာတောင် ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ကျွန်တော့်မှာ ခွန်အားတွေ ရခဲ့သလို အခု အောင်မြင်မှုရရှိသွားခဲ့ပြီဖြစ်လို့ ကျွန်တော် တကယ်ကို ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကျွန်တော်တို့ ပိုမိုပေးဆပ်သွားပါမယ်။ ပွဲစဉ်ဇယားတွေကလည်း အရေးကြီးပြီး အရာအားလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။"
"ကျွန်တော့်ရဲ့ အိပ်မက်ကတော့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ဖြစ်ပြီး ဒီအတွက် ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားသွားပါမယ်။ တကယ်လို့ လာမယ့်နှစ်မှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်ခဲ့မယ်ဆိုရင် သူတို့ ကျွန်တော်တို့ကို ဖယ်ထုတ်နိုင်ကြမှာ မဟုတ်တော့ပါဘူး။ ကျွန်တော့်ကို ယုံကြည်ပါ၊ ကျွန်တော်တို့ တကယ်ကို အန္တရာယ်ရှိတဲ့အသင်း ဖြစ်လာပါလိမ့်မယ်။ လာမယ့်နှစ်မှာ ခင်ဗျားတို့ရဲ့အားပေးမှုတွေ အားလုံး လိုအပ်ပါတယ်" လို့ သူက ဆိုပါတယ်။
ဟားလ်စီးတီးက ကိုဗင်ထရီစီးတီး၊ အစ်ဆွစ်တောင်းတို့နဲ့အတူ အင်္ဂလန်ထိပ်တန်းလိဂ်ဆီ တန်းတက်ခွင့်ရရှိခဲ့ပါတယ်။