The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌနေရာမှာ ရွေးကောက်ခံရရင် နည်းပြသစ်အဖြစ် ယာဂန်ကလော့ပ်ကို ဦးစားပေးသတ်မှတ်မယ်လို့ ရီကွယ်လ်မီအာမခံ

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌလောင်း အင်းနရစ်ရီကွယ်လ်မီက လာမယ့်တနင်္ဂနွေနေ့၊ လက်ရှိဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်နဲ့ ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲမှာ သူသာ အနိုင်ရရှိမယ်ဆိုရင် လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ရီကွယ်လ်မီက မန်စီးတီးကြယ်ပွင့်တွေဖြစ်ကြတဲ့ ဟာလန်းနဲ့ ရိုဒရီတို့ကိုခေါ်ယူဖို့ ကြိုးပမ်းမှုတွေအပါအဝင် ကလပ်အသင်းအတွက် ကြီးမားတဲ့စီမံကိန်းတွေကို ချပြထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် သူက ကလပ်ဂန္ထဝင်ရာအူးလ်ကိုလည်း အားကစားဒါရိုက်တာအဖြစ် ဆန်တီယာဂို ဘာနေဗျူးဆီ ပြန်လည်ခေါ်ယူသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

"လတ်တလောကာလတိုအတွင်း နည်းပြလောကဆီ ယာဂန်ကလော့ပ် ပြန်လည်ဝင်ရောက်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာနဲ့ ကမ်းလှမ်းမှုအများအပြားကို ငြင်းပယ်ခဲ့တယ်ဆိုတာကို သိပါတယ်" လို့ ရီကွယ်လ်မီရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးရုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"အဲဒီအချက်ကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့စိန်ခေါ်မှုကတော့ ခြားနားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ကောင်းမွန်တဲ့ကလပ်အသင်းတွေ အများကြီးရှိပေမဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာ တစ်သင်းတည်းသာ ရှိလို့ပါပဲ။ ရိုးရာအစဉ်အလာနဲ့ အနာဂတ်၊ တန်ဖိုးထားမှုတွေနဲ့ ရည်မှန်းချက်၊ စိတ်အားထက်သန်မှုနဲ့ ထူးချွန်ပြောင်မြောက်မှုတွေကို ပေါင်းစပ်ပေးနိုင်တဲ့ အဖွဲ့အစည်းဆိုလို့ တစ်ခုတည်းသာ ရှိပါတယ်။"

"အဲဒီအကြောင်းပြချက်ကြောင့်ပဲ တနင်္ဂနွေနေ့မှာ အသင်းဝင်တွေက ကျွန်တော့်အပေါ် ယုံကြည်မှုပေးအပ်ခဲ့မယ်ဆိုရင် ဇွန် ၈ ရက်၊ တနင်္လာနေ့မှာ ရာအူးလ်ကိုယ်တိုင် ရီးရဲလ်မက်ဒရစ်ရဲ့အားကစားဒါရိုက်တာအဖြစ် ယာဂန်ကလော့ပ်ဆီ ဆက်သွယ်ပြီး ကျွန်တော်တို့ရဲ့ အားကစားစီမံကိန်းတွေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ခေတ်သစ်ကို ကွင်းဘေးမှ ဦးဆောင်ပေးဖို့ ကျွန်တော်တို့ရဲ့ဆန္ဒတွေကို ကိုယ်တိုင် သွားရောက်တင်ပြဆွေးနွေးသွားပါလိမ့်မယ်"

တစ်ချိန်တည်းမှာပဲ လက်ရှိဥက္ကဋ္ဌပီရက်ဇ်ကလည်း မော်ရင်ဟို၊ ဒမ်းဖရီးစ်နဲ့ ကိုနာတေး အပါအဝင် သူ့ရဲ့ထိပ်တန်းပစ်မှတ်တွေကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။