The network connection is lost.

Banner Image

ဟာလန်းနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌလောင်းရဲ့ ပြောကြားချက်အပေါ် မန်စီးတီး တုံ့ပြန်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌနေရာအတွက် ယှဉ်ပြိုင်မယ့် အင်းနရစ် ရီကွယ်လ်မီရဲ့ အာလင်း ဟာလန်းနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ ပြောကြားချက်တွေအပေါ် မန်စီးတီးအသင်းကတော့ လုံးဝ အေးအေးဆေးဆေးပဲ ရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် ရီကွယ်လ်မီဟာ လက်ရှိဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ နေရာကို ဆက်ခံဖို့ ကြိုးပမ်းနေသူဖြစ်ပြီး အံ့အားသင့်စရာ ကတိကဝတ် တချို့ကိုလည်း ပေးထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စပိန်ရုပ်သံ အစီအစဉ်တစ်ခုမှာ သူက ပြောကြားခဲ့ရာမှာတော့ တကယ်လို့ သူသာ လာမယ့် တနင်္ဂနွေနေ့ (ဇွန်လ ၇ ရက်) ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ရိုဒရီနဲ့ ဟာလန်းတို့ကို ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

ဒီဥက္ကဋ္ဌလောင်းရဲ့ အဆိုအရ ဟာလန်းရဲ့ မန်စီးတီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး (Release Clause) ပါဝင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့တာပါ။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်စီးတီးဟာ ဒီပြောဆိုချက်တွေအပေါ် သိပ်ပြီး စိုးရိမ်ခြင်းမရှိဘဲ ဟာလန်းဟာ သူတို့အသင်းမှာ နှစ်ပေါင်းများစွာ ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ဟာလန်းဟာ ၉ နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်အရှည်ကြီးကို လက်မှတ်ရေးထိုးခဲ့တာကြောင့် မန်စီးတီးအသင်းအနေနဲ့ အခုလို ယုံကြည်မှုအပြည့် ရှိနေတာလည်း ဖြစ်ပါတယ်။