ရီးရဲလ်မက်ဒရစ်မှာ မော်ရင်ဟိုအတွက် အသက်စွန့်တိုက်ပွဲဝင်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ဒီအိုမန်ဒီ
ယန်ဒီအိုမန်ဒီက အခုဘောလုံးရာသီ၊ ဟိုဆေးမော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်တစ်နေရာရရှိဖို့အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့လအတွင်း အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားက လိုက်ပ်ဇစ်မှ ရီးရဲလ်မက်ဒရစ်ဆီ စုစုပေါင်းပြောင်းရွှေ့ကြေးပေါင်သန်း ၁၂၀ အထိ ရှိလာနိုင်မယ့် သဘောတူညီချက်ဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ကြောင့် လွန်ခဲ့တဲ့ ၁၂ လတာကာလ၊ ယူရိုသန်း ၂၀ သာ သူ့အတွက် အသုံးပြုခဲ့ရတဲ့ လိုက်ပ်ဇစ်အသင်းက အမြတ်အစွန်းအမြောက်အများ ရရှိသွားပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားက ရာသီကြိုပွဲစဉ်တွေမှာ ပွဲကစားခွင့်ကန့်သတ်ချက် ရှိခဲ့ပေမဲ့ အက်စပန်ညိုအသင်းနဲ့ရင်ဆိုင်ရတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ရာသီအဖွင့်ပွဲစဉ်မှာတော့ အရန်ခုံတန်းမှတဆင့် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ပါတယ်။
ကတ်တလန်မြေပွဲစဉ်မှာ အမ်ဘာပေ၊ ဗင်နီစီးယက်စ်နဲ့ အာဒါဂူလာတို့အားလုံး ပွဲထွက်ကစားခဲ့ကြပေမဲ့ ဒီအိုမန်ဒီကတော့ မော်ရင်ဟိုရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချထားပါတယ်။
"ရီးရဲလ်မက်ဒရစ်ထက် ခမ်းနားကြီးကျယ်တဲ့ ကလပ်အသင်းဆိုတာ မရှိပါဘူး။ သူတို့က ကျွန်တော့်အတွက် ငွေတွေအများကြီးအသုံးပြုခဲ့ပေမဲ့ ကျွန်တော့်မှာ ဘာဖိအားမှ မခံစားရပါဘူး။ ကျွန်တော် ဘာကြောင့် ကြောက်ရမှာလဲ။ ကွင်းထဲမှာ ကျွန်တော်တတ်နိုင်တာကို လုပ်ဆောင်သွားမယ်။ ကျန်တာကိုတော့ ဘုရားသခင်က လုပ်ဆောင်ပေးပါလိမ့်မယ်။
မော်ရင်ဟိုက ကျွန်တော်နဲ့စကားပြောဖို့အတွက် မနက် ၅ နာရီမှာ အိပ်ရာထခဲ့ပါတယ်။ ဒါက ကျွန်တော် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ပြနေပါတယ်။ ရီးရဲလ်မက်ဒရစ်ခေါ်ယူချိန်မှာ ငြင်းပယ်ဖို့ မဖြစ်နိုင်လို့ ကျွန်တော်က 'သူတို့ အလိုရှိတယ်ဆိုရင် အရောက်လာခဲ့မယ်' လို့ ပြောခဲ့ပါတယ်။
မော်ရင်ဟိုဆိုတာ အကောင်းဆုံးနည်းပြဖြစ်လို့ သူ့လက်အောက်မှာ အလုပ်လုပ်ရမယ့်ကိစ္စအတွက် ဝမ်းသာမိပါတယ်။ သူ့ဆီမှ အများကြီးသင်ယူနိုင်ပြီး ကျွန်တော်ရဲ့တိုးတက်မှုတွေအတွက် အသင့်တော်ဆုံးနည်းပြ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့အတွက် အသက်စွန့်တိုက်ပွဲဝင်ပေးဖို့ အဆင်သင့်ရှိနေပါပြီ" လို့ ဒီအိုမန်ဒီက ဆိုပါတယ်။