ဥရောပတလွှား ကလပ်အသင်းတွေရဲ့အာရုံစိုက်မှုကို ရရှိနေတဲ့ ဟေတီတိုက်စစ်မှူးလန်နီဂျိုးဇက်ဖ်
ဟန်ဂေရီမြေမှာ ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့တဲ့ လန်နီဂျိုးဇက်ဖ်အတွက် ဒီနွေရာသီကာလအတွင်း အပြောင်းအရွှေ့ဆိုင်ရာစိတ်ဝင်စားမှုတွေ ပေါ်ပေါက်လာဖို့ ရှိနေတယ်လို့ L’Équipe သတင်းဌာနမှ ဖော်ပြလာပါတယ်။
အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးက ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ပုံစံကောင်းကြောင့် ဥရောပကလပ်အသင်းအများအပြားရဲ့ရေဒါထဲမှာ ရောက်ရှိနေပါတယ်။
ဂရီနိုဘယ်လ်တိုက်စစ်မှူးဟောင်းက ဒီရာသီမှာ သူ့ရဲ့နာမည်ဂုဏ်သတင်းကို သိသိသာသာ မြှင့်တင်နိုင်ခဲ့ပြီး အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
လာမယ့်ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဟေတီနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာကြောင့် သူ့ရဲ့တိုးတက်မှုတွေက နိုင်ငံတကာ စင်မြင့်ထက်မှာ ဆက်လက်ရှိနေပါဦးမယ်။
ဂျိုးဇက်ဖ်အပေါ် စိတ်ဝင်စားမှုတွေက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာလည်း ဂျန့်ခ်၊ ဘေဆယ်လ်နဲ့ နိုက်စ်တို့လိုကလပ်အသင်းတွေက သူ့ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ စိတ်ဝင်စားမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး ရက်ဒ်စတားဘဲလ်ဂရိတ်၊ မွန်ဇာနဲ့ ဘယ်လ်ဂျီယံပြည်တွင်းကလပ်အသင်းအချို့ကလည်း သူ့ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါပြီ။
ဂျိုးဇက်ဖ်အတွက် ပြင်သစ်မြေ၊ အထူးသဖြင့် လီဂူး ဝမ်း (Ligue 1)ဆီ ပြန်လည်ပြောင်းရွှေ့ဖို့လည်း ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နေပေမဲ့ သီးခြားချိတ်ဆက်နေတဲ့ ကလပ်အသင်းတွေကိုတော့ မသိရသေးပါဘူး။