ကမ္ဘာ့ဖလားဗိုလ်စွဲရင် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းစားလာနိုင်တယ်လို့ ဟယ်ရီကိန်းဆို
ဟယ်ရီကိန်းက အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် ဦးဆောင်ဖို့သာမက သူ့အတွက်လည်း ဂုဏ်သိက္ခာကြီးမားတဲ့ဘော်လွန်းဒီအော်ဆုကို အဓိကစိန်ခေါ်နိုင်သူတစ်ဦးဖြစ်လာဖို့ ရည်မှန်းထားပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်က သူ့ရဲ့နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ရင် ဘောလုံးလောကရဲ့အမြင့်မားဆုံးတစ်ဦးချင်းထူးချွန်ဆုကို ရရှိဖို့ အခွင့်အရေး ပိုမိုများပြားလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ထူးခြားပြောင်မြောက်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းပြီးနောက် ဖလော်ရီဒါမှာ အခြေစိုက်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအကြိုစခန်းသွင်းလေ့ကျင့်မှုဆီ ရောက်ရှိလာခဲ့ပါတယ်။
သူက ကွန်ပနီရဲ့အသင်းနဲ့အတူ ပြည်တွင်းဆုဖလားနှစ်လုံးဆွတ်ခူးနိုင်ခဲ့သလို ဂျာမန်ပိုကယ်လ်ဖလား ဗိုလ်လုပွဲမှာလည်း ဟတ်ထရစ်သွင်းယူနိုင်ခြင်းအပါအဝင် အံ့အားသင့်စရာကောင်းလောက်အောင် ပြိုင်ပွဲစုံ ၆၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့အခုလိုဂိုးသွင်းစွမ်းရည်ကောင်းမွန်နေမှုက ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရယူချင်တဲ့ အင်္ဂလန်အသင်းရဲ့မျှော်မှန်းချက်တွေအတွက် အရေးပါလာပါလိမ့်မယ်။
အင်္ဂလန်အသင်းနဲ့မပူးပေါင်းခင် L'Equipe သတင်းဌာနနဲ့ အင်တာဗျူးမှာ ဟယ်ရီကိန်းက သူ့ရဲ့ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာနိုင်ခြေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။
"ကျွန်တော်တို့သာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာခဲ့ရင် ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာနိုင်မလား? ကျွန်တော်ကိုယ်တိုင်တော့ ဆုရရှိဖို့ရေပန်းအစားဆုံးကစားသမားစာရင်းမှာ သေချာပေါက်ပါဝင်လာပါလိမ့်မယ်" လို့ သူက ပြောကြားခဲ့ပါတယ်။
"ဒီရာသီမှာ ကျွန်တော်ရရှိခဲ့တဲ့ ဆုဖလားတွေနဲ့ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်တွေကို ကြည့်ရင် ကျွန်တော်က ဘော်လွန်းဒီအော်ဆုအတွက် ပြိုင်ဆိုင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် အင်္ဂလန်အသင်းသာ ကမ္ဘာ့ဖလားရရှိမယ်ဆိုရင် ဒီတစ်ဦးချင်းဆုက အင်္ဂလန်ကစားသမားတစ်ဦးဆီ ရောက်သွားမယ်ဆိုတာ ကျွန်တော်တို့ စိတ်ကူးကြည့်လို့ ရပါတယ်"
"လောလောဆယ် ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေသူတွေကို ကြည့်ရင် အိုလီစီ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ကစားသမားတွေနဲ့ ကျွန်တော် ရှိနေပါတယ်" လ
"ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်က ဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်ပါတယ်လို့ ကိုယ့်ဘာသာ အမွှမ်းတင်လေ့ရှိသူမျိုး မဟုတ်ပါဘူး။ ကွင်းထဲမှာ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေကို သက်သေပြနိုင်အောင်ပဲ ကြိုးစားသွားပါမယ်"လို့ ဟယ်ရီကိန်းက ဆက်ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခရီးစဉ်ကို နည်းပြသစ်တူချယ် ကိုင်တွယ်သွားဖို့ရှိပြီး ဂျာမန်သားနည်းပြက ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်းကို အဓိကမေဂျာပြိုင်ပွဲကြီးတစ်ခုမှာ အောင်မြင်မှုရရှိစေဖို့ ရည်မှန်းထားပါတယ်။
ဘိုင်ယန်မှာ အတူရှိခဲ့ချိန်၊ တူချယ်ရဲ့ ဦးဆောင်မှုကို ကြုံတွေ့ခဲ့ဖူးတဲ့ ဟယ်ရီကိန်းက ဒီဂျာမန်လူမျိုးနည်းပြရဲ့ နည်းစနစ်အပေါ် အပြည့်အဝယုံကြည်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
"ဘိုင်ယန်မှာတုန်းက သူ့ရဲ့စရိုက်လက္ခဏာ၊ အသင်းအပေါ်ထားရှိတဲ့ သူ့ရဲ့စိတ်ကူးစိတ်သန်းတွေနဲ့ ကျွန်တော့်ကို ကစားစေတဲ့ ပုံစံတွေကို ကျွန်တော် သဘောကျခဲ့ပါတယ်။ တစ်နည်းအားဖြင့် သူက အဲဒီနည်းလမ်းတွေကို နိုင်ငံလက်ရွေးစင်အသင်းဆီ သယ်ဆောင်လာခဲ့တာပါ" လို့ ဟယ်ရီကိန်းက မှတ်ချက်ပြုခဲ့ပါတယ်။
ကစားသမား ၂၆ ဦးပါ လူစာရင်းအနက် အများစုကို လတ်တလောမှာ စုစည်းနိုင်နေပြီဖြစ်လို့ မျှော်လင့်ချက်တွေရဲ့ဖိအားလည်း ကြီးမားနေပါတယ်။
"ရည်မှန်းချက်ကတော့ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ဖို့ပါပဲ။ ဒါက သေချာပေါက် ကျွန်တော်တို့ရဲ့ပန်းတိုင် ဖြစ်ရပါမယ်" လို့ ဟယ်ရီကိန်းက အခိုင်အမာဆိုပါတယ်။
အင်္ဂလန်အသင်းရဲ့ လတ်တလောပြိုင်ပွဲသမိုင်းကြောင်းကို ပြန်ပြောင်းပြောပြရာမှာ သူက "ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့ဖူးပါတယ်။ ယူရိုဗိုလ်လုပွဲ နှစ်ကြိမ် (၂၀၂၁၊ ၂၀၂၄)၊ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တစ်ကြိမ် (၂၀၁၈) နဲ့ ကွာတားဖိုင်နယ်တစ်ကြိမ် (၂၀၂၂) အထိ ရောက်ရှိခဲ့ဖူးပါတယ်"
"ဒီနှစ်တော့ ကျွန်တော်တို့ဆီမှာ နည်းပြသစ်၊ ကစားသမားအသစ်တွေ ရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးက ဖိအားတွေ အများကြီးပေးတယ်ဆိုရင်တောင် ဒါဟာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်"လို့ ဆိုပါတယ်။