ဘာစီလိုနာကွင်းလယ်လူ ကာဆာဒိုကို ဆော်ဒီကလပ်တွေ မျက်စိကျနေ
ပြီးခဲ့တဲ့ရာသီကထက်စာရင် ကစားခွင့်ရချိန် နည်းပါးနေတဲ့ ဘာစီလိုနာကွင်းလယ်လူ မာ့ခ်ကာဆာဒိုဟာ အရှေ့အလယ်ပိုင်းဒေသကနေ အမိုက်စားကမ်းလှမ်းမှုတစ်ခု ရရှိထားတယ်လို့ 'Mundo Deportivo' သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အမြဲတမ်းလိုလို လှုပ်ရှားမှုရှိနေတတ်တဲ့ အသင်းပါ။ ဥပမာအနေနဲ့ ပြောရရင် ပြီးခဲ့တဲ့နှစ်က ဂျိုအန်ဂါစီယာ (၂၅ နှစ်) အသင်းကို ရောက်ရှိလာခဲ့သလို၊ လွန်ခဲ့တဲ့ နှစ်ရာသီတုန်းကလည်း ဒန်နီအိုလ်မို ရောက်ရှိလာခဲ့တာမျိုး ဖြစ်ပါတယ်။
လက်ရှိမှာလည်း အပြောင်းအရွှေ့ ကောလာဟလတွေက စတင်ထွက်ပေါ်နေပါပြီ။ အင်တာမီလန်ကနေ ထွက်ခွာချင်နေတဲ့ ဘက်စတိုနီနဲ့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ဂရီမယ်လ်ဒိုတို့လို နာမည်ကြီးကစားသမားတွေဟာ ဘာစီလိုနာနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တစ်ဖက်မှာလည်း အသင်းကနေ ထွက်ခွာမယ့်သူတွေ ရှိလာနိုင်တဲ့ အခြေအနေတွေ မြင်တွေ့နေရပါတယ်။ အသက် ၂၂ နှစ်အရွယ် ကာဆာဒိုဟာ နည်းပြ ဟန်ဆီဖလစ်နဲ့ အသင်းဘုတ်အဖွဲ့ရဲ့ အနာဂတ်စီမံကိန်းတွေထဲမှာ ပါဝင်နေသေးပေမဲ့လည်း ဈေးကွက်ကြီးတစ်ခုရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ခံနေရတာပါ။
ဆော်ဒီအာရေဗျဟာ တကယ့်ကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။ ဒီကွင်းလယ်လူကို ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးအသင်းက စောင့်ကြည့်ခဲ့ဖူးပေမဲ့ တရားဝင်ကမ်းလှမ်းတာမျိုးတော့ မရှိခဲ့ပါဘူး။ အခုတော့ 'Mundo Deportivo' ရဲ့ အဆိုအရ ဆော်ဒီကလပ်တွေက ဒီလူငယ်အကယ်ဒမီထွက် ကစားသမားလေးအတွက် ငွေပုံအောပေးပြီး ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ဖရန်ကီဒီယောင်နဲ့ မာ့ခ်ဘာနယ်လ်တို့ ဒဏ်ရာရနေချိန်မှာ အသင်းအတွက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့တဲ့ ကာဆာဒိုဟာ ဒီရာသီမှာတော့ မျှော်လင့်ထားသလောက် ကစားခွင့်ရချိန် မရရှိဘဲ ဖြစ်နေပါတယ်။