အီရာအိုလာခေါ်ယူဖို့ အခက်တွေ့ပြီးနောက် လန်းစ်နည်းပြဆာဂီကို ပစ်မှတ်ထားလာတဲ့ ခရစ္စတယ်ပဲလေ့စ်
လီဗာပူးအသင်းနဲ့ အီရာအိုလာတို့အကြား သဘောတူညီမှုရရှိဖို့ နီးစပ်လာချိန် ခရစ္စတယ်ပဲလေ့စ်အသင်းက ပြင်သစ်လီဂူးဝမ်းကလပ်လန်းစ်အသင်းရဲ့နည်းပြဖြစ်သူ ပါရဲရားဆာဂီကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းက ကလပ်အသင်းသမိုင်းတလျှောက် အအောင်မြင်ဆုံးနည်းပြဖြစ်တဲ့ ဂလက်စ်နာရဲ့နေရာမှာ ဆက်ခံနိုင်မယ့်သူကို ရှာဖွေနေတာပါ။
ဂလက်စ်နာက တောင်လန်ဒန်အခြေစိုက်ကလပ်အသင်းကို နှစ်နှစ်တာကာလအတွင်း ဆုဖလားသုံးလုံးရရှိအောင် စွမ်းဆောင်ပေးပြီးနောက် အခုဘောလုံးရာသီကုန်ဆုံးချိန် အသင်းမှ ထွက်ခွာသွားပါလိမ့်မယ်။
သတင်းထောက်ဘန်ဂျက်ကော့ဘ်ရဲ့အဆိုအရ ခရစ္စတယ်ပဲလေ့စ်က နည်းပြသစ်နေရာအတွက် စောင့်ကြည့်ချင်စရာကောင်းတဲ့ ဆာဂီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ လန်းစ်အသင်းဆီရောက်ရှိလာတဲ့ အသက်-၄၇ နှစ်အရွယ်ဆာဂီက အခုဘောလုံးရာသီမှာ လီဂူးဝမ်းချန်ပီယံဆုအတွက် လူးဝစ်အင်းနရစ်ရဲ့ပီအက်စ်ဂျီကို စိန်ခေါ်နိုင်ခဲ့ပြီး အမှတ်ပေးဇယားဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။
ဘုန်းမောက်အသင်းမှထွက်ခွာလာတဲ့ အီရာအိုလာကတော့ ခရစ္စတယ်ပဲလေ့စ်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားခဲ့ပေမဲ့ အန်းစလော့ကိုထုတ်ပယ်ခဲ့တဲ့ လီဗာပူးရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် မာဆေးဆိုဒ်ဘီလူးကြီးကို တာဝန်ယူပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။