The network connection is lost.

Banner Image

ပီအက်စ်ဂျီကစားသမားတွေသာ လွှမ်းမိုးထားတဲ့ ချန်ပီယံလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်း၊ ချန်ပီယံလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ခဗာရက်စ်ခီလီယာရရှိ

ပြင်သစ်ဘီလူးကြီးပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ဆက်တိုက်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ဂျော်ဂျီယာတောင်ပံကစားသမားခဗာရက်စ်ခီလီယာကို ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်‌အေ)က ချန်ပီယံလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်လိုက်ပါတယ်။

စနေနေ့၊ ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီက ပြိုင်ဘက်အာဆင်နယ်ကို တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့အတူ ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ယူပြီး ဥရောပချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။

ခဗာရက်စ်ခီလီယာက အခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး စနေနေ့ဗိုလ်လုပွဲရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း ပီအက်စ်ဂျီအတွက် အဖိုးတန်ချေပဂိုးရရှိစေမယ့် အရေးကြီးပင်နယ်တီကိုလည်း ရယူပေးခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက အသင်းဖော်တွေဖြစ်တဲ့ ဒမ်ဘီလီ၊ မာကွင်ဟို့စ်၊ နူနိုမန်ဒက်စ်နဲ့ ဗိုလ်လုပွဲရဲ့အကောင်းဆုံးကစားသမားဆုရ ဗီတင်ဟာတို့နဲ့အတူ ချန်ပီယံလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်းလူစာရင်းမှာလည်း ပါဝင်လာခဲ့ပါတယ်။

ဒါ့အပြင် အကောင်းဆုံးအသင်းလူစာရင်းမှာ အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ရာယာ၊ မာဂယ်လ်ဟေးစ်နဲ့ ဒီကလန်ရိုက်စ်တို့ သုံးဦးလည်း ပါဝင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်လူငယ်ကြယ်ပွင့်အာဒါဂူလာက တစ်နှစ်တာအထူးချွန်ဆုံးလူငယ်ကစားသမား (Revelation of the Season) ဆု ရရှိခဲ့ပြီး သူ့ရဲ့အသင်းဖော် ဗယ်လ်ဗာဒီကတော့ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အတွင်း သွင်းယူခဲ့တဲ့ဂိုးနဲ့အတူ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။


၂၀၂၅/၂၀၂၆ ချန်ပီယံလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်းလူစာရင်း
ဂိုးသမား - ဒေးဗစ်ရာယာ (အာဆင်နယ်)
နောက်ခံလူများ - မားကို့စ်လော်ရန်တေး (အက်သလက်တီကိုမက်ဒရစ်)၊ မာကွင်ဟို့စ် (ပီအက်စ်ဂျီ)၊ မာဂယ်လ်ဟေးစ် (အာဆင်နယ်)၊ နူနိုမန်ဒက်စ် (ပီအက်စ်ဂျီ)
ကွင်းလယ်လူများ - အိုလီစီ (ဘိုင်ယန်မြူးနစ်)၊ ဒီကလန်ရိုက်စ် (အာဆင်နယ်)၊ ဗီတင်ဟာ (ပီအက်စ်ဂျီ)၊ ခဗာရက်စ်ခီလီယာ (ပီအက်စ်ဂျီ)
ရှေ့တန်းလူများ - ဒမ်ဘီလီ (ပီအက်စ်ဂျီ)၊ ဟယ်ရီကိန်း (ဘိုင်ယန်မြူးနစ်)