The network connection is lost.

Banner Image

ကွန်ဖရင့်လိဂ်ဆုဖလားအောင်ပွဲခံအခမ်းအနားကို ရွှေ့ဆိုင်းလိုက်တယ်လို့ ခရစ္စတယ်ပဲလေ့စ်အသင်း အတည်ပြု

ခရစ္စတယ်ပဲလေ့စ်အသင်းက လတ်တလောကွန်ဖရန့်လိဂ်ချန်ပီယံဆုဖလားအတွက် အောင်ပွဲခံအခမ်းအနားကို ပြုလုပ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက မာတီတာရဲ့ဒုတိယပိုင်းသွင်းဂိုးနဲ့အတူ ဗယ်လီကာနိုကိုအနိုင်ရရှိကာ ကွန်ဖရန့်လိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။ ဒီအောင်ပွဲကြောင့် ဆဲလ်ဟတ်ပတ်ခ်ကွင်းအတွင်း လာရောက်ကြည့်ရှုသူ ပရိသတ်တစ်သောင်းကျော်နဲ့အတူ လန်ဒန်မြို့တောင်ပိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဆူညံသွားခဲ့ပါတယ်။

ဒါက ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြီးခဲ့တဲ့မေလ၊ အက်ဖ်အေဖလားနဲ့ ဩဂုတ်လ၊ ကွန်မြူနတီဒိုင်းတို့အပြီး တစ်နှစ်အတွင်း တတိယမြောက်ရရှိခဲ့တဲ့ ဆုဖလားကြီး ဖြစ်ပါတယ်။

အသင်းသမိုင်းတလျှောက် ပထမဆုံးဆုဖလားအောင်ပွဲဖြစ်တဲ့ အက်ဖ်အေဖလားဆွတ်ခူးချိန်မှာတော့ ဆဲလ်ဟတ်လမ်းမထက်မှာ အောင်ပွဲခံလှည့်လည်ပွဲ ပြုလုပ်ခဲ့သလို ကွင်းတွင်းမှာလည်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ပထမဆုံးဥရောပအောင်မြင်မှုအတွက်တော့ အဲ့ဒီလိုအစီအစဉ်တွေ မရှိသေးပါဘူး။

ခရစ္စတယ်ပဲလေ့စ်အသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ကံမကောင်းစွာနဲ့ပဲ ကမ္ဘာ့ဖလားတာဝန်တွေရှိနေတာကြောင့် ကစားသမားတချို့က နိုင်ငံ့လက်ရွေးစင်အသင်းစခန်းသွင်းလေ့ကျင့်မှုတွေဆီ တန်းသွားရပါလိမ့်မယ်။ ဒါကြောင့် အသင်းဘက်ကလည်း ဒီနွေရာသီအကုန်ပိုင်းလောက်မှာ အောင်ပွဲခံတာတစ်ခုခု လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ News Shopper ဆီ ပြော‌ကြားခဲ့ပါတယ်။

ဒါကြောင့် အောင်ပွဲခံလှည့်လည်ပွဲက ကမ္ဘာ့ဖလား ဗိုလ်လုပွဲပြီးဆုံးမယ့် ဇူလိုင် ၁၉ ရက်နောက်ပိုင်းမှပဲ ပေါ်ပေါက်လာဖွယ် ရှိပါတယ်။

ကမ္ဘာ့ဖလားပါဝင်ယှဉ်ပြိုင်မယ့် ခရစ္စတယ်ပဲလေ့စ်ကစားသမားတွေထဲမှာ အသင်းခေါင်းဆောင်ဒင်းဟန်ဒါဆန်နဲ့ ဂျပန်ကစားသမား ကာမာဒါတို့ ပါဝင်ပါတယ်။ အလားတူ ပြင်သစ်အသင်းမှာလည်း မာတီတာနဲ့ လာခရုစ်တို့ ရွေးချယ်ခံထားရပြီး ဂိုးသွင်းကောင်းတဲ့ အစ္စမေးလ်ဆားလည်း ဆီနီဂေါအသင်းကို ဦးဆောင်သွားပါလိမ့်မယ်။ ကွင်းလယ်ကြယ်ပွင့်ဝါတန်ကတော့ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ရဲ့ အံ့အားသင့်ဖွယ် ချန်လှပ်ခြင်းကို ခံခဲ့ရပါတယ်။

ဒီနွေရာသီအောင်ပွဲခံမှုတွေမှာ နည်းပြဂလက်စ်နာ ပါဝင်လာမလားဆိုတာကတော့ စောင့်ကြည့်သွားရပါဦးမယ်။ လတ်တလောကွန်ဖရန့်လိဂ်ဗိုလ်လုပွဲအပြီး ဩစတြီးယားလူမျိုးနည်းပြက ခရစ္စတယ်ပဲလေ့စ်နဲ့ လမ်းခွဲခဲ့ပြီး သူရဲ့အနာဂတ်အစီအစဉ်တွေကိုလည်း အတည်မပြုရသေးပါဘူး။