The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုအပ်တော့ချိန်အထိ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ မရရှိသေးတဲ့ အီရန်အသင်း

အီရန်ဘောလုံးအသင်းအတွက် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ မရရှိသေးလို့ ပြိုင်ပွဲမတိုင်ခင် လေ့ကျင့်ရေးဆင်းဖို့ အခက်အခဲတွေ ရှိနေပြီး တခြားအသင်းတွေနဲ့အတူ "တန်းတူအခွင့်အရေး" မရဘဲ ယှဉ်ပြိုင်နေရတယ်လို့ မက္ကဆီကိုနိုင်ငံဆိုင်ရာ အီရန်သံအမတ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

သံအမတ်ကြီးအဘိုဖာဇယ်လ်ပါဆန်ဒီဒက်က အီရန်အသင်းပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ လေ့ကျင့်ရေးစခန်းဖြစ်တဲ့ မက္ကဆီကိုနိုင်ငံအနောက်မြောက်ဘက်နယ်စပ်မြို့ဖြစ်တဲ့ Tijuana ကို သွားရောက်ခဲ့ပါတယ်။ မူလကတော့ သူတို့အသင်းက အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်ရှိ တက်ဆန်မြို့မှာ အခြေစိုက်ဖို့ စီစဉ်ထားခဲ့ပါတယ်။

သတင်းရှင်းလင်းပွဲအတွင်း သံအမတ်က "မြောက်ဘက်နိုင်ငံ" (အမေရိကန်)အနေဖြင့် အီရန်အသင်းကို အိမ်ရှင်ပီပီဧည့်ဝတ်ပြုရမယ့် တာဝန်ဝတ္တရားတွေကို အကောင်အထည်မဖော်ပေးနိုင်ဘူးလို့ ဆိုပါတယ်။

"ကစားသမားတွေကို ဗီဇာ ထုတ်ပေးမှာလား၊ မပေးဘူးလားဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး" လို့ သူက ဆက်ပြောပါတယ်။

အီရန်အသင်းက ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်သုံးခုလုံးကို အမေရိကန်အနောက်ဘက်ကမ်းခြေ မြို့ကြီးတွေဖြစ်တဲ့ လော့စ်အိန်ဂျလိစ်နဲ့ ဆီယက်တဲလ်တို့မှာ ကစားသွားပါမယ်။ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကတော့ ကစားသမားတွေအတွက် အကြိမ်ကြိမ်ဝင်ထွက်ခွင့်ရဗီဇာ (Multiple Entry Visas) ရရှိဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားထားပါတယ်။

"ကျွန်တော်တို့က ကမ္ဘာ့ဖလားမှာ တန်းတူညီမျှတဲ့ အခြေအနေမျိုးနဲ့ ပါဝင်ယှဉ်ပြိုင်နေရတာမျိုး မဟုတ်ပါဘူး" လို့ ပါဆန်ဒီဒက်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့်လည်း "အသင်းကို လေ့ကျင့်သင့်သလောက် မလေ့ကျင့်ပေးနိုင်ခဲ့ဘူး" လို့ ၎င်းက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အီရန်သံတမန်တွေက အသင်းလေ့ကျင့်နေတဲ့ အားကစားကွင်းဆီ သွားရောက်ခဲ့တယ်လို့ အဲ့ဒီကွင်းရဲ့အိမ်ရှင်ဖြစ်တဲ့ Club Tijuana အသင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက AFP ဆီ ပြောကြားခဲ့ပါတယ်။ သံတမန်တွေက ဒေသခံလုံခြုံရေးအရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အီရန်အသင်းက ဇွန် ၁၅ ရက်မှာ နယူးဇီလန်၊ ဇွန် ၂၁ ရက်မှာ ဘယ်လ်ဂျီယံတို့နဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ ယှဉ်ပြိုင်ကစားပြီးနောက် ဇွန် ၂၆ ရက်မှာတော့ အီဂျစ်အသင်းနဲ့ ဆီယက်တဲလ်မြို့မှာ ယှဉ်ပြိုင်ကစားသွားပါမယ်။