ကာရစ်လက်ထက်မှာ ယူနိုက်တက်ရဲ့ ဆုဖလားရနိုင်ရေးအခြေအနေကို ပြောကြားလာတဲ့ ရွန်းနီ
ဝိန်းရွန်းနီက မိုက်ကယ်ကာရစ်လက်ထက်မှာ မန်ချက်စတာယူနိုက်တက်အသင်း အထင်ကြီးစရာကောင်းလောက်အောင် ပြန်လည်ဦးမော့လာပေမဲ့ နောက်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ဖို့အပေါ်မှာတော့ လက်တွေ့ကျကျပဲ မျှော်လင့်ကြဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာတဲ့ ကာရစ်ဟာ ဇန်နဝါရီလမှာ အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက် အခြေအနေတွေကို အကောင်းဆုံးပြောင်းလဲပေးနိုင်ခဲ့ကာ အဆင့် (၃) နေရာနဲ့ ရာသီအဆုံးသတ်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
talkSPORT နဲ့ စကားပြောဆိုရာမှာ ရွန်းနီက အိုးထရက်ဖို့ဒ်ကွင်းရဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေအနေကို ချီးကျူးခဲ့ပေမဲ့ ကာရစ် အသင်းကို အပြည့်အဝ စတင်ကိုင်တွယ်မယ့် ပထမဆုံးရာသီမှာတင် ချန်ပီယံဆုအတွက် ချက်ချင်းစိန်ခေါ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားကြဖို့ ပရိသတ်တွေကို သတိပေးခဲ့တာပါ။
"ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မန်ယူရဲ့ အခြေအနေတွေက ပရိသတ်တွေအတွက် ပျော်ရွှင်စရာ ရှာဖွေဖို့ တကယ်ကို ခက်ခဲခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ရွန်းနီက ပြောပါတယ်။
"ဒါပေမဲ့ မိုက်ကယ် ရောက်လာပြီးကတည်းက မန်ယူပရိသတ်တွေကြားမှာ မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ ပြန်ရှိလာပါပြီ။ အဆင့် ၃ နဲ့ ရာသီအဆုံးသတ်နိုင်ခဲ့သလို ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေအားလုံးကလည်း အဆင်ပြေခဲ့ကြတယ်လို့ ထင်ပါတယ်။ အခုဆိုရင် ချန်ပီယံလိဂ်ကိုလည်း ပြန်ဝင်ခွင့်ရခဲ့ပြီဆိုတော့ အသင်းကို နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် ကူညီပေးမယ့် ကစားသမားသစ်တချို့ကို ထပ်မံခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။