မားကပ်စ်ရက်ရှ်ဖို့ဒ် ယူနိုက်တက်သို့ ပြန်လာမယ့်အစီအစဉ်ကို လူအများအပြားက သဘောကျကြလိမ့်မယ် လို့ စတမ်းမ် ပြောကြား
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ယာပ်စတမ်းမ်က ဘာစီလိုနာအသင်းမှာ အငှားနဲ့သွားရောက်ကစားပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေး စကားပြောဆိုလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်ကနေ အငှားနဲ့သွားရောက်ကစားခဲ့ပြီး နည်းပြ ဟန်ဆီဖလစ်ရဲ့လက်အောက်မှာ ပြိုင်ပွဲစုံ ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ကာ ဘာစီလိုနာအတွက် ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဒီလအစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်ကိုကျော်ဖြတ်ပြီး ရာသီကုန်ဖို့ ၃ ပွဲအလိုမှာတင် စပိန်လာလီဂါချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ဒီအောင်မြင်မှုကို အခြေခံပြီး ရှေ့ဆက်သွားချင်နေသလို အသင်းပြောင်းရွှေ့မှုကိုလည်း အပြီးသတ်ဖြစ်မြောက်အောင် လုပ်ဆောင်လိုနေပါတယ်။
ဒီအင်္ဂလန်ကြယ်ပွင့်ကစားသမားကို ကတ်တလန်ကလပ်က ပေါင်သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်တဲ့ အခွင့်အရေးရှိပေမဲ့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေစဉ်မှာပဲ ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ အခွင့်အလမ်း နည်းပါးနေပုံရပါတယ်။
ComeOn နဲ့ အင်တာဗျူးမှာ စတမ်းမ်က ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်မှာပဲ ဆက်ရှိနေနိုင်တယ်လို့ ယုံကြည်နေပြီး ဒီလိုဖြစ်လာရင် လူအများအပြားက ဝမ်းသာကြလိမ့်မယ်လို့ ဆိုပါတယ်။
"မားကပ်စ် မန်ယူကို ပြန်လာမှာလား။ ဒါကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ၊ သူ ယူနိုက်တက်မှာ ရှိနေစဉ်ကတည်းက သူဟာ အလားအလာရှိတဲ့ ထူးချွန်တဲ့ကစားသမားတစ်ဦးပါ။ ဘာလို့လဲဆိုတော့ သူက အခုခေတ်တိုက်စစ်မှူးတိုင်းမှာရှိရမယ့် အရှိန်အဟုန် (pace) ရှိတယ်။ နည်းစနစ်ပိုင်းအရလည်း သူက ကောင်းမွန်ပါတယ်။"
"မားကပ်စ် ယူနိုက်တက်ကို ပြန်လာမယ့်အစီအစဉ်ကို လူအများအပြားက သဘောကျကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ယူနိုက်တက်အတွက် အဖိုးတန်တဲ့သူတစ်ယောက်ဖြစ်လို့ လူစာရင်းထဲမှာ သူပြန်ရှိနေတာက ကောင်းပါတယ်။ တချို့ကလည်း 'သူက အသင်းကနေ ထွက်သွားခဲ့တာပဲ၊ ငါတို့ သူ့ကို ပြန်မလိုချင်ဘူး' လို့ ပြောကောင်းပြောကြပါလိမ့်မယ်။"
"ဒါပေမဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရတော့ သူ့ကို ပြန်လာစေချင်ပါတယ်။ လက်ရှိအသင်းလူစာရင်းကို ကြည့်မယ်ဆိုရင် အပြောင်းအရွှေ့တွေ ကောင်းကောင်းလုပ်ထားနိုင်ပြီး ထူးချွန်တဲ့ကစားသမားတချို့ ခေါ်ယူထားနိုင်ပေမဲ့ အရည်အသွေးမြင့် ကစားသမားတွေ အပိုဆောင်းလိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဒဏ်ရာရတာတွေ၊ ပွဲပယ်ခံရတာတွေ ဒါမှမဟုတ် တစ်ယောက်ယောက် ခြေစွမ်းမပြနိုင်တဲ့အချိန်တွေမှာ တောင်ပံနေရာတွေအတွက် သူက အသင်းအတွက် အင်မတန် အသုံးဝင်မယ့်သူ ဖြစ်လာပါလိမ့်မယ်" လို့ စတမ်းမ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအနေနဲ့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူနိုင်ခွင့် (option) ကို အသုံးပြုဖို့ ဇွန်လ ၁၅ ရက်နေ့အထိ အချိန်ရှိနေပြီး ရာသီသစ်မစတင်မီ လက်ဦးမှုရယူချင်တယ်ဆိုရင်တော့ အမြန်ဆုံး ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။