The network connection is lost.

Banner Image

ပရိသတ်တွေရဲ့တောင်းဆိုမှုမြင့်မားနေချိန် အကြီးစားဆုံးဖြတ်ချက်တစ်ခု ချမှတ်ရတော့မယ့် လီဗာပူး

ဘုန်းမောက်မှထွက်ခွာခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အီရာအိုလာက လီဗာပူးနည်းပြအန်းစလော့ရဲ့နေရာကို အစားထိုးဝင်ရောက်လာနို်ငတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

အီရာအိုလာက ရာသီပိတ်ခါနီးပွဲစဉ်တွေမှာ ဘုန်းမောက်အသင်းကို အထင်ကြီးစရာကောင်းလောက်အောင် ရှုံးပွဲမရှိစံချိန်တွေနဲ့အတူ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိစေခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ်အသင်းမှ တရားဝင်ထွက်ခွာလာခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ်စပိန်လူမျိုးနည်းပြက လာမယ့်ဘောလုံးရာသီသစ်အတွက် ကမ်းလှမ်းမှုအများဆုံးရရှိနိုင်မယ့်သူ ဖြစ်လာနိုင်ပြီး ခရစ္စတယ်ပဲလေ့စ်၊ လေဗာကူဆင်အပါအဝင် ကလပ်အသင်းအတော်များများနဲ့လည်း နာမည်ထွက်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၄၀၀ ကျော် အသုံးပြုခဲ့ပေမဲ့ ဆုဖလားလက်မဲ့ဖြစ်ခဲ့လို့ ဖိအားတွေ များပြားနေတဲ့ အန်းစလော့ရဲ့နေရာမှာလည်း အီရာအိုလာကို အစားထိုးဝင်ရောက်နိုင်မယ့်သူအဖြစ် ရေပန်းစားနေပြန်ပါတယ်။

Sky Sports ရဲ့သတင်းဖော်ပြချက်အရ အီရာအိုလာကိုယ်တိုင်လည်း လီဗာပူးနည်းပြတာဝန်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါက အန်းစလော့ရဲ့ မရေရာတဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မာဆေးဆိုဒ်ကလပ် အဖွဲ့ဝင်တွေကြား ဆွေးနွေးမှုတွေကို ပိုမိုမြန်ဆန်လာစေပါလိမ့်မယ်။

ဒီသတင်းမှာပဲ "သူက အေစီမီလန်နဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ လက်ရှိမှာတော့ အဲဒီဆွေးနွေးမှုတွေက တိုးတက်မှု သိပ်မရှိဘူးလို့ သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို သွားဖို့လည်း မဖြစ်နိုင်သလောက်ပါပဲ။ အီရာအိုလာစိတ်ဝင်စားတဲ့ အသင်းတွေကတော့ လေဗာကူဆင်နဲ့ လီဗာပူးတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးမှာတော့ အန်းစလော့ရှိနေသေးလို့ လောလောဆယ်နည်းပြနေရာ မလွတ်‌သေးပါဘူး" လို့ ဖော်ပြထားပါတယ်။

အီရာအိုလာက ဘုန်းမောက်ကို ၁၈ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အမှတ်ပေးဇယားဆဋ္ဌမနေရာနဲ့ ရာသီသိမ်းကာ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် စပိန်သားနည်းပြကို အသင်းဆီ ရောက်လာစေချင်ကြပြီး အသင်းကို ဆုဖလား စိန်ခေါ်နိုင်တဲ့ အသင်းတစ်ခုအဖြစ် ပြန်လည်တည်ဆောက်ဖို့ လိုလားနေကြပါတယ်။ အထူးသဖြင့် ပြိုင်ဘက်ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့သွားတဲ့ အလွန်ဆိုကို လက်လွှတ်ခဲ့ရပြီးနောက် ပရိသတ်တွေက အီရာအိုလာကိုခေါ်ယူဖို့ ပိုပြီး လိုလားလာကြပါတယ်။