နိုင်ဂျီးရီးယားနောက်ခံလူ နွိုင်ဝူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့တဲ့ ဖူလ်ဟမ်
ဖူလ်ဟမ်အသင်းဟာ တူရကီကလပ် ထရက်ဘ်ဇွန်စပေါ်အသင်းကနေ အလားအလာရှိတဲ့ ဗဟိုနောက်ခံလူ ချီဘူကီနွိုင်ဝူကို ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပြီး အခုအခါမှာတော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ဒီနွေရာသီအတွက် အဓိက ခံစစ်ပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။ တူရကီကလပ်ဘက်က အရင်ကမ်းလှမ်းမှု နှစ်ကြိမ်စလုံးကို ပယ်ချခဲ့ပေမဲ့ ဖူဟမ်ကတော့ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်အောင် ဆက်လက် အားထုတ်နေပါတယ်။
Foot Mercato ရဲ့ ဖော်ပြချက်အရ နွိုင်ဝူဟာ အယ်လ်ဗာရို အာဘီလိုအာရဲ့ အသင်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီး အခုအခါမှာတော့ ကလပ်အသင်းနှစ်ခုကြား အပြောင်းအရွှေ့ကြေးအတွက် ညှိနှိုင်းဖို့ပဲ ကျန်ပါတော့တယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဝုဖ်ဘာဂါအသင်းကနေ တူရကီကလပ်ကို ပြောင်းရွှေ့လာခဲ့တဲ့ နိုင်ဂျီးရီးယား လက်ရွေးစင်ကစားသမားအတွက် ထရက်ဘ်ဇွန်စပေါ်ဘက်က အနည်းဆုံး ယူရို သန်း ၃၀ အထိ တောင်းဆိုနေပါတယ်။
နွိုင်ဝူဟာ တူရကီမှာရှိခဲ့တဲ့ ပထမဆုံး လအနည်းငယ်အတွင်းမှာ ၂၁ ပွဲကစား၊ ၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အထင်ကြီးစရာ ခြေစွမ်းပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။