The network connection is lost.

Banner Image

ဒဏ်ရာရကစားသမားတွေများပြားခဲ့တဲ့ ဘောလုံးရာသီအပြီး အသင်းအတွင်းပြန်လည်ဆန်းစစ်မှုတွေ ပြုလုပ်နေတဲ့ တော့တင်ဟမ်

၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း ဒဏ်ရာရရှိခဲ့တဲ့ ကစားသမားအရေအတွက်နဲ့ပတ်သက်လို့ တော့တင်ဟမ်အသင်းက အသင်းတွင်းစုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သတင်းတွေအရ သိရပါတယ်။ 

တော့တင်ဟမ်က ရာသီပိတ်ပွဲစဉ်မှာ အဲဗာတန်ကို ၁-၀ ဂိုးဖြင့် ပွတ်ကာသီကာအနိုင်ရရှိခဲ့လို့ ပရီးမီးယားလိဂ်တန်းဆင်းဇုန်အန္တရာယ်နဲ့ သီသီလေးလွတ်မြောက်လာခဲ့ပါတယ်။ 

မြောက်လန်ဒန်ကလပ်အတွက် နှစ်ရာသီဆက်အမှတ်ပေးဇယားအဆင့်-၁၇ နေရာမှာ ရပ်တည်ခဲ့မှုက တကယ်ကို အံ့အားသင့်လောက်စရာ ခြေစွမ်းကျဆင်းမှုဖြစ်ပေမဲ့ တဖက်မှာလည်း ပုံမှန်ထက်များပြားတဲ့ ဒဏ်ရာပြဿနာတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

BBC Sport ရဲ့ဖော်ပြချက်အရ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းဆိုင်ရာဒါရိုက်တာဒန်လီဝင်ဒန်က ဘာကြောင့် ဒီလိုဒဏ်ရာတွေများနေရသလဲဆိုတာကို အဖြေရှာဖွေဖို့အတွက် အသင်းတွင်း ပြန်လည်စစ်ဆေးမှုတွေကို ဦးဆောင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ 

တော့တင်ဟမ်ကစားသမားတွေက ဒဏ်ရာကြောင့် စုစုပေါင်းရက် ၂,၀၀၀ ကျော်အထိ အနားယူခဲ့ရပြီး ဒါက ပြိုင်ပွဲအရပ်ရပ်မှာ ဒဏ်ရာရရှိမှု ၃၇ ကြိမ်နဲ့ ပွဲစဉ်ပေါင်း ၃၀၀ ကျော်အထိ လွဲချော်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဂျိမ်းစ်မက်ဒီဆင်၊ အိုဒိုဘတ်နဲ့ ဇာဗီဆိုင်မွန်တို့လည်း ဒူးအရွတ်ဒဏ်ရာကြောင့် ရေရှည်အနားယူခဲ့ရသလို ကူလူဆက်ဗ်စကီးကလည်း ဒူးဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူနေရပါတယ်။ 

ဒါကြောင့် စစ်ဆေးမှုတွေမှာ  ဆေးဘက်ဆိုင်ရာဌာနရဲ့လုပ်ဆောင်ချက်တွေအပြင် ကွင်းတွင်းအဖွင့်အပိတ်လုပ်လို့ရတဲ့ မြက်ခင်းပြင်စနစ်နဲ့ တခြားအချက်အလက်တော်တော်များများကိုပါ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။