ထရက်ဖို့ဒ် အသင်းကထွက်ခွာဖို့ နီးစပ်နေတာကြောင့် ရှက်ဖီးဝင်းဒေးဂိုးသမား ချားလ်စ်ကို ခေါ်ယူဖို့ မန်စီးတီး ပစ်မှတ်ထားနေ
ဂျိမ်းစ်ထရက်ဖို့ဒ် မရှိတော့မယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မန်စီးတီးအသင်းဟာ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်သူ ပီယေ့စ်ချားလ်စ်ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၃ နှစ်အရွယ် ထရက်ဖို့ဒ်ဟာ ဘန်လေအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီမှာ မန်စီးတီးကို ပြန်လာခဲ့တာဖြစ်ပြီး အသင်းရဲ့ ပထမဦးစားပေး ဂိုးသမားဖြစ်လာဖို့ မျှော်လင့်ခဲ့တာပါ။
ဒါပေမဲ့ မန်စီးတီးက ပီအက်စ်ဂျီအသင်းကနေ ဒွန်နာရမ်မာကို ခေါ်ယူခဲ့တာကြောင့် ထရက်ဖို့ဒ်ဟာ ရှုံးထွက်ဖလားပွဲစဉ်တွေမှာပဲ ကစားခွင့်ရတဲ့ အရန်ဂိုးသမားဘဝနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
အင်္ဂလန်လက်ရွေးစင် ဂိုးသမားဖြစ်သူ ထရက်ဖို့ဒ်ဟာ ဒီနွေရာသီမှာ အသင်းကနေ ထပ်မံထွက်ခွာတော့မယ်လို့ ယူဆရပြီး သူ့ကိုခေါ်ယူဖို့ စပါး၊ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။
TalkSport ရဲ့ သတင်းထောက် အဲလက်စ်ခရွတ်ခ်ရဲ့ အဆိုအရ မန်စီးတီးဟာ အသက် ၂၀ အရွယ် ချားလ်စ်ကို အရန်ဂိုးသမားသစ်အဖြစ် ခေါ်ယူဖို့ အခုအခါမှာ ပြင်ဆင်နေပြီလို့ သိရပါတယ်။
ရှက်ဖီးဝင်းဒေးအသင်းဟာ ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းကို တန်းဆင်းသွားခဲ့ရတာကြောင့် ချားလ်စ်ဟာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။