ဘရိုက်တန်အသင်းမှာ နှစ်အတော်ကြာကစားခဲ့တဲ့ ကွင်းလယ်လူ ဆော်လီမာ့ချ် အသင်းကနေ ထွက်ခွာတော့မယ့်အကြောင်း အတည်ပြု
အသင်းရဲ့ အိုင်ကွန်ကစားသမားတစ်ဦးဖြစ်တဲ့ ဆော်လီမာ့ချ်ဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ဘရိုက်တန်အသင်းက အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးကို ဘရိုက်တန်မှာပဲ ကုန်ဆုံးခဲ့တာဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ်မှာ ပွဲပေါင်း ၃၀၀ ကစားပေးခဲ့ကာ ၂၆ ဂိုး သွင်းယူပေးခဲ့သူပါ။
ဒါပေမဲ့ ဆော်လီမာ့ချ်ဟာ ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၂၅-၂၆ ပရီမီယာလိဂ်ရာသီမှာ လူစားဝင်ကစားသမားအဖြစ် ၄ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အခုအခါမှာတော့ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ကွင်းလယ်လူ ဆော်လီမာ့ချ်ဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ဘရိုက်တန်ဘက်က အတည်ပြုခဲ့တာပါ။
ရာသီပိတ်ပွဲစဉ်အဖြစ် မန်ယူအသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာတော့ သူဟာ နောက်ဆုံးမိနစ် ၃၀ မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်ခွင့်ရရှိခဲ့ပါတယ်။