အက်စတွန်ဗီလာ တိုက်စစ်ကြယ်ပွင့် မော်ဂန်ရော်ဂျာကို ခေါ်ယူဖို့ အရှိန်မြှင့်လာတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ တိုက်စစ်မှူး မော်ဂန်ရော်ဂျာကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မီခေးလ်အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ပရီမီယာလိဂ်မှာ အောင်မြင်မှုတွေ ရရှိထားပေမဲ့လည်း ဒီအတိုင်း အားရကျေနပ်ပြီး ရပ်တန့်နေခြင်းမရှိဘဲ အင်္ဂလန်ထိပ်သီးလိဂ်မှာ သူတို့ရဲ့ အရှိန်အဝါကို ဆက်လက်ခိုင်မာစေဖို့အတွက် အခုလို ပြင်ဆင်နေတာပါ။
TalkSport ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ အသင်းအများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသက် ၂၃ နှစ်အရွယ် အက်စတွန်ဗီလာ တိုက်စစ်မှူး ရော်ဂျာကို ခေါ်ယူဖို့ အလေးအနက်ထား ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ရော်ဂျာဟာ ပြီးခဲ့တဲ့ ရာသီနှစ်ခုအတွင်း ဗီလာအသင်းအတွက် ၁၀၉ ပွဲ ကစားပေးခဲ့ရာမှာ ၂၈ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၂၄ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် လိဂ်ရဲ့ တကယ့်ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသထားနိုင်သူပါ။
ဒါပေမဲ့ ရော်ဂျာကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းမှာ ပြိုင်ဘက်တွေ အများကြီးရှိနေပြီး ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။