The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်အသင်းကို ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက် နည်းပြဖြစ်သူ မီကေလ်အာတီတာဟာ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

မြောက်လန်ဒန်ကလပ် အာဆင်နယ်အသင်းဟာ အဓိကပြိုင်ဘက် မန်စီးတီးအသင်းထက် ၇ မှတ်အသာနဲ့ ၂၂ နှစ်အတွင်း သူတို့ရဲ့ ပထမဆုံး ပရီမီယာလိဂ်ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာတီတာဟာ အသင်းတွေကို ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဘုန်းမောက်နည်းပြ အန်ဒိုနီ အီရာအိုလာနဲ့ ဆန်းဒါးလန်းနည်းပြ ရီဂတ်စ် လီဘရစ် တို့ကို ကျော်ဖြတ်ပြီး တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို အခုလို ရရှိခဲ့တာပါ။

သူဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အာဆင်နယ်အသင်းရဲ့ အဆိုးရွားဆုံး အခြေအနေမှာ အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၆ နှစ်ခွဲတာ ကာလအတွင်းမှာ အသင်းကို အင်အားကြီးအသင်းတစ်သင်းအဖြစ် ပြန်လည်အခြေခိုင်အောင် တည်ဆောက်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ ဖလားမြှောက်ကိုင်အပြီး အာတီတာက "ပရိသတ်တွေဟာ ဒီအောင်မြင်မှုအတွက် အရမ်းကို ကြာရှည်စွာ စောင့်ဆိုင်းခဲ့ကြရတာပါ။ ဒီခရီးလမ်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမဲ့ အခုလို ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကို မြင်ရတဲ့အခါ အဲဒီအခက်အခဲတွေအားလုံးက ရင်ဆိုင်ရကျိုး နပ်သွားပါတယ်။ ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး အံ့ဩစရာကောင်းလောက်အောင် ချိတ်ဆက်မှု၊ ကတိကဝတ်ပြုမှုနဲ့ သတ္တိတွေကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က အရာအားလုံးဟာ ဒီအောင်မြင်မှုကို ရယူနိုင်ဖို့အတွက် တွန်းအားတွေ ဖြစ်စေခဲ့တာပါ။ တစ်ခါတလေမှာ ကိုယ်ဟာ ဒီနေရာနဲ့ မထိုက်တန်ဘူးလားဆိုတဲ့ သံသယတွေ၊ စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် အခုလို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ။ အခုတော့ အရမ်းကို ဝမ်းသာသလို စိတ်သက်သာရာလည်း ရသွားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။