တန်းဆင်းသွားရပြီးနောက် ဘာမှမရှိတော့သလို ခံစားလိုက်ရတယ်လို့ ရင်ဖွင့်လာတဲ့ ဝုဖ်ဘတ်အသင်းအကြီးအကဲ
တနင်္လာညပိုင်း၊ ပလေးအော့ဖ် (Play-off) ဒုတိယအကျော့ပွဲစဉ်မှာ ပါဒါဘွန်းအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ဝုဖ်ဘတ်အသင်း ဘွန်ဒက်စ်လီဂါမှ တန်းဆင်းသွားခဲ့ရပါတယ်။
ပွဲစဉ်အပြီး ဝုဖ်ဘတ်အသင်းကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်ဒီယေဂိုဘီနာဂလီယိုက Sky Germany နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူတို့ရဲ့စိတ်ပျက်အားလျော့မှုတွေကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ပီစီနိုဗစ်ရဲ့သွင်းဂိုးနဲ့အတူ ဝုဖ်ဘတ်တို့ ပြိုင်ဘက်ကိုဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန်အစောပိုင်းမှာပဲ မာဟီလီအနီကတ်ပြထုတ်ပယ်ခံရမှုက အသင်းအတွက် အဓိကထိုးနှက်ချက်ဖြစ်ခဲ့တယ်လို့ သူက ထောက်ပြပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့အားလုံးအတွက် တကယ့်ကို ကြီးမားတဲ့ စိတ်ပျက်စရာပါပဲ။ အခုချိန်မှာတော့ ဘာမှမရှိတော့သလို ဟာလာဟင်းလင်းဖြစ်သွားသလို ခံစားနေရပါတယ်။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ မိနစ် ၁၀၀ ကျော်လောက် ကစားသမားတစ်ဦးလျော့နဲ့ ကစားခဲ့ရတယ်ဆိုတာ မလွယ်ကူလှပါဘူး။ တကယ့်ကို ရက်စက်လွန်းပါတယ်" လို့ ဘီနာဂလီယိုက ဆိုပါတယ်။
"ပွဲစစချင်း ဦးဆောင်ဂိုးနဲ့အတူ ကျွန်တော်တို့ ကောင်းကောင်း စတင်နိုင်ခဲ့ပါတယ်။ ပွဲမတိုင်ခင်ကလည်း ကစားသမားတွေရဲ့စိတ်အားထက်သန်မှုနဲ့ ကြိုးစားချင်စိတ်ကို ကျွန်တော် ခံစားခဲ့ရပါတယ်။ အကယ်၍ ကစားသမား ၁၁ ဦးနဲ့သာ ယှဉ်ပြိုင်ကစားရရင် ဒီပွဲစဉ်ကို ကျွန်တော်တို့ မရှုံးနိမ့်ဘူးလို့ ယုံကြည်ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
အခုအခါမှာတော့ ဝုဖ်ဘတ်အသင်းနဲ့ ဘီနာဂလီယိုတို့က လာမယ့်ဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါ-၂ ပြိုင်ပွဲမှာ ကစားသွားရမယ့် အခြေအနေကို လက်ခံသွားရပါလိမ့်မယ်။