တန်းတက်ခွင့်ရရှိပြီးနောက် ကစားသမားတွေကို ချီးကျူးလိုက်တဲ့ ပါဒါဘွန်းအသင်းအကြီးအကဲ
ပါဒါဘွန်းအသင်းရဲ့ အားကစားဆိုင်ရာမန်နေဂျင်းဒါရိုက်တာဆီဘက်စတီယန်လန်းဂါးက ဝုဖ်ဘတ်အသင်းကို အနိုင်ယူပြီး ဘွန်ဒက်စ်လီဂါဆီ တန်းတက်ခွင့်ရရှိမှုကို သူတို့အသင်းနဲ့ထိုက်တန်တဲ့ရလဒ်အဖြစ် ခံစားမိတယ်လို့ ပြောကြားခဲ့ပါတယ်။
ပါဒါဘွန်းအသင်းက တနင်္လာညပိုင်း၊ ပလေးအော့ဖ်ပွဲစဉ်ရဲ့အချိန်ပိုမှာ ဝုဖ်ဘတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး အသင်းသမိုင်းတလျှောက် တတိယအကြိမ်မြောက် ဘွန်ဒက်စ်လီဂါဆီ ပြန်လည်တန်းတက်လာခဲ့ပါတယ်။
ပွဲစဉ်အပြီး ပါဒါဘွန်းအသင်းရဲ့ အားကစားဆိုင်ရာမန်နေဂျင်းဒါရိုက်တာလန်းဂါးက ပွဲချိန် ၁၄ မိနစ်မှာတင် ဝုဖ်ဘတ်ကစားသမားမာဟီလီ နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရလို့ အိမ်ရှင်အသင်းအတွက် အခြေအနေတွေ ပိုမိုလွယ်ကူသွားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့အသင်းရဲ့အနိုင်ရလဒ်က "ထိုက်တန်မှုအပြည့်ရှိတယ်"လို့ ဆိုခဲ့ပြီး ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုအပေါ် အထူးချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
"ပွဲရဲ့အခြေအနေတွေက ဒုတိယမြောက်အဝါကတ်ကြောင့် ကျွန်တော်တို့ဘက်ဆီ အခွင့်အရေးအနည်းငယ် ပိုရရှိလာစေခဲ့တာ မှန်ပါတယ်" လို့ လန်းဂါးက ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ ဒီနေ့မှာ ကစားသမားတွေက သူတို့ရဲ့စွမ်းဆောင်ရည်ထက်ကို ပိုပြီး ထူးထူးခြားခြားစွမ်းဆောင်နိုင်ခဲ့ကြတယ်လို့ ကျွန်တော် ပြောရပါမယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ အာရုံစူးစိုက်မှု အားကောင်းခဲ့လဲ၊ ဘောလုံးကို ဘယ်လောက်မြန်မြန် ဆွဲထုတ်နိုင်ခဲ့လဲဆိုတာကြည့်ရင် သိနိုင်ပါတယ်။ အားလုံးပဲ တကယ်ကို အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့တာကြောင့် ဒီနိုင်ပွဲက ကျွန်တော်တို့နဲ့ထိုက်တန်ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။