ယူအီးအက်ဖ်အေကွန်ဖရန့်လိဂ်ချန်ပီယံဆုရှင်များ စာရင်း
ယူအီးအက်ဖ်အေကွန်ဖရန့်လိဂ်ပြိုင်ပွဲက သက်တမ်းအားဖြင့် သိပ်မကြာသေးပေမဲ့ အမှတ်တရဖြစ်စရာ မှတ်တမ်းကောင်းတွေ ထွက်ပေါ်ခဲ့ပြီးပါပြီ။ ဒီဆောင်းပါးမှာတော့ ပြိုင်ပွဲရဲ့ချန်ပီယံဆုရှင်တွေနဲ့ မှတ်တမ်းကောင်းတွေကို စုစည်းတင်ပြပေးသွားပါမယ်။
၂၀၂၁ ခုနှစ်မှာစတင်ခဲ့တဲ့ ကွန်ဖရန့်လိဂ်က ဥရောပကလပ်အသင်းပြိုင်ပွဲတွေအနက် တတိယအဆင့်ရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဘောလုံးရာသီရဲ့အဓိကပြိုင်ပွဲတစ်ခုအဖြစ်လည်း တည်ရှိလာခဲ့ပါတယ်။ စတင်ကျင်းပခဲ့တဲ့ အချိန်တိုကာလလေးအတွင်းမှာတင် ဘောလုံးဝါသနာအိုးတွေ မဖြစ်မနေစောင့်ကြည့်ရတဲ့ ပြိုင်ပွဲကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုဆောင်းပါးမှာတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဗယ်လီကာနိုတို့ ထိပ်တိုက်ရင်ဆိုင်ရချိန်၊ ချန်ပီယံသစ်ထပ်မံမပေါ်ထွက်လာခင် အတိတ်မှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အသင်းတွေကို ပြန်ပြောင်းမြင်တွေ့ရပါမယ်။
ချန်ပီယံဆုရှင်များ
၂၀၂၁-၂၂ - ရိုးမား (အီတလီ) ၁-၀ ဖီယင်နု (နယ်သာလန်)
၂၀၂၂-၂၃ - ဝက်စ်ဟမ်း (အင်္ဂလန်) ၂-၁ ဖီအိုရင်တီးနား (အီတလီ)
၂၀၂၃-၂၄ - အိုလံပီယာကို့စ် (ဂရိ) ၁-၀ ဖီအိုရင်တီးနား (အီတလီ) (အချိန်ပို)
၂၀၂၄-၂၅ - ချဲလ်ဆီး (အင်္ဂလန်) ၄-၁ ဘက်တစ် (စပိန်)
ကလပ်အသင်းနှင့် နိုင်ငံအလိုက် အောင်မြင်မှုများ
ဒီပြိုင်ပွဲမှာ အင်္ဂလန်ကလပ်တွေက အအောင်မြင်ဆုံးပဲလို့ ပြောရပါမယ်။ ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ကြောင့် အင်္ဂလန်က ချန်ပီယံဆုနှစ်ကြိမ်အဖြစ် အများဆုံး ရရှိထားပါတယ်။ လာမယ့် မေ ၂၇ ရက် (ဗုဒ္ဓဟူးနေ့)ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်က စပိန်ကလပ်ဗယ်လီကာနိုကို အနိုင်ရခဲ့ရင် အင်္ဂလန်ရဲ့ မှတ်တမ်း ပိုပြီးတိုးလာပါဦးမယ်။ ဖီအိုရင်တီးနားကတော့ ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့ပေမဲ့ နှစ်ကြိမ်လုံးရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲရဲ့ကံအဆိုးဆုံးအသင်းလို့တောင် ဆိုနိုင်ပါတယ်။
တစ်ဦးချင်း မှတ်တမ်းရှင်များ
ကွန်ဖရန့်လိဂ် သွင်းဂိုးအများဆုံး - အစ်ရှာ (လက်ချ်ပိုနန်) - ၁၃ ဂိုး
ခြေစစ်ပွဲအပါအဝင် သွင်းဂိုးအများဆုံး - အာသာကာဘရယ် - ၂၁ ဂိုး
တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး - အယ်လ်ကာဘီ (အိုလံပီယာကို့စ်) - ၁၁ ဂိုး (၂၀၂၃-၂၄)
လက်ရှိ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကစားသမားအစ္စမေးလ်ဆားက ကိုးဂိုးသွင်းယူထားပြီး သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်က ဗိုလ်လုပွဲအထိ တက်လှမ်းထားနိုင်လို့ ဆားအတွက် ဒီမှတ်တမ်းကို ပိုပြီးတိုးတက်အောင်လု်ပနိုင်မယ့် အခွင့်အရေး ရှိနေပြန်ပါတယ်။
၂၀၂၅ ခုနှစ်ရဲ့ သမိုင်းဝင်မှတ်တိုင်
၂၀၂၄-၂၀၂၅ ရာသီမှာ ချဲလ်ဆီးက ကွန်ဖရန့်လိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် ဥရောပရဲ့ အဓိကဆုဖလားကြီးတွေဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်ဖရန့်လိဂ်နဲ့ Cup Winner' Cup တို့ကို သိမ်းပိုက်နိုင်တဲ့ ပထမဆုံးကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။
အမေးအဖြေ (FAQs)
- ယူအီးအက်ဖ်အေကွန်ဖရန့်လိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးချန်ပီယံက ဘယ်သူလဲ?
ရိုးမား။
- ကွန်ဖရင့်လိဂ်ရဲ့ သွင်းဂိုးအများဆုံးကစားသမားက ဘယ်သူလဲ?
အစ်ရှာ (၁၃ ဂိုး)။
- ဗိုလ်လုပွဲကို အများဆုံးတက်ပြီး ဖလားမရဖူးတဲ့အသင်းက ဘယ်ကလပ်အသင်းလဲ?
ဖီအိုရင်တီးနား (နှစ် ကြိမ်)။
- ချဲလ်ဆီးက ၂၀၂၅ ခုနှစ်၊ ဗိုလ်လုပွဲအပြီး ဘယ်လိုသမိုင်းဝင်မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့သလဲ?
ဥရောပရဲ့အဓိကဆုဖလားအားလုံးကို သိမ်းပိုက်နိုင်တဲ့ ပထမဆုံးကလပ်အသင်း။
- ၂၀၂၆ ယူအီးအက်ဖ်အေကွန်ဖရန့်လိဂ်ဗိုလ်လုပွဲကို ဘယ်အချိန်၊ ဘယ်မှာ ကစားမလဲ?
မေ ၂၇ ရက်(ဗုဒ္ဓဟူးနေ့)၊ ဂျာမနီနိုင်ငံ၊ လိုက်ပ်ဇစ်မြို့ရှိ Red Bull Arena ကွင်း။
- အခုထိ ချန်ပီယံအများဆုံး ထွက်ပေါ်ထားတဲ့ နိုင်ငံက ဘယ်နိုင်ငံလဲ?
အင်္ဂလန် (နှစ်ကြိမ်)/ ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီး။
- ပြိုင်ပွဲနာမည်မှာ "Europa" ဆိုတဲ့ စကားလုံးကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဘာကြောင့် ဖြုတ်လိုက်တာလဲ?
ဒီပြိုင်ပွဲကို သီးသန့်ပြိုင်ပွဲတစ်ခုအဖြစ် ပိုမိုတိုးတက်လာစေဖို့အတွက် UEFA က အခုလိုဖြုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။