လာလီဂါမှာ ဘယ်လောက်အထိ ပိုပြီးသတိကြီးကြီးထားရသလဲဆိုတာကို ဂေါ်ဒွန်ဖွင့်ဟလာ
အန်သိုနီဂေါ်ဒွန်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်နဲ့ လာလီဂါပြိုင်ပွဲတို့ကို နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။
လာလီဂါကစားသမားဘ၀ပွဲဦးထွက်မှာတင် ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နို်ငတဲ့ ၂၁ ရာစုရဲ့ ပထမဆုံးကစားသမားဖြစ်လာသူဂေါ်ဒွန်က နယူးကာဆယ်မှ ထွက်ခွာလာပြီးနောက် စပိန်မြေမှာ ခြေစွမ်းပြသလျက်ရှိပါတယ်။
သူက သုံးပွဲကစားပြီးချိန် ဂိုးဖန်တီးမှုသုံးကြိမ်ပြုလုပ်ပေးထားပြီး ဗယ်လီကာနိုနဲ့ပွဲစဉ်မှာလည်း ရာဖင်ဟာရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဒီဖန်တီးမှုမှာ ဂေါ်ဒွန်ရဲ့ပါးနပ်လှတဲ့ ထောင့်ကန်ဘောပေးပို့မှုအပြီး ကစားသမားသစ်ရိုဒရီကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေတဲ့ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။
အင်္ဂလန်မြေပြင်ပမှာ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေချိန် ဂေါ်ဒွန်ကို လာလီဂါနဲ့ ပရီးမီးယားလိဂ်အကြား ကွာခြားချက်တွေအပါအဝင် အသင်းသစ်မှာ အမှားအယွင်းကျူးလွန်မိတယ်ဆိုရင် ဘယ်လောက်အထိ သိသာထင်ရှားနေသလဲဆိုတာ မေးမြန်းခဲ့ကြပါတယ်။
"ပရီးမီးယားလိဂ်က မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်တယ်ဆိုတာကို ကျွန်တော် မငြင်းဆန်ပါဘူး။ ပွဲရဲ့အရှိန်အဟုန်က တဟုန်ထိုးသွားနေတာမျိုး ဖြစ်ပါတယ်။ နေရာတိုင်းမှာ တစ်ဦးချင်းရင်ဆိုင်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ အဝေးဘောပေးပို့မှုတွေ၊ ထောင့်ကန်ဘောတွေမှာ ကစားသမားတွေအကြား ထိတွေ့မှုတွေ အများကြီး ရှိပါတယ်။
အဲဒါကြောင့်ပဲ အင်္ဂလန်ကစားသမားအများစုက ဒါကို ကမ္ဘာ့အကောင်းဆုံးလိဂ်အဖြစ် ယုံကြည်နေကြတာပါ။ သူတို့က အဲဒီလိုမျိုး ရှုပ်ထွေးကြမ်းတမ်းမှုတွေနဲ့ ယဉ်ပါးနေကြတာကိုး။ ကျွန်တော်လည်း ပရီးမီးယားလိဂ်မှာ ကစားရတာကို သဘောကျခဲ့သလို ဒါက ကျွန်တော့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ စပိန်ဘောလုံးလောကကတော့ နည်းဗျူဟာပိုင်းနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပါးနပ်မှုအပိုင်းမှာ ကွဲပြားခြားနားတဲ့ အဆင့်အတန်းတစ်ခုကို တောင်းဆိုထားပါတယ်။
အင်္ဂလန်မှာတော့ တခါတရံ ကစားဟန်ပြင်းထန်မှုက အမှားတွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။ ဘောလုံးထိန်းသိမ်းပုံမှားယွင်းသွားခဲ့ရင်တောင် နောက်ထပ်ရင်ဆိုင်တိုက်ပွဲတစ်ခုမှာ အနိုင်ယူပြီး ဘောလုံးပြန်လည်ရယူနိုင်ပါတယ်။ စပိန်မှာတော့ ပထမဆုံးဘောလုံးထိချက်မှားယွင်းတာ သို့မဟုတ် နေရာယူမှုအပေါ် အာရုံစူးစိုက်မှုကင်းမဲ့သွားတာမျိုးဆိုရင် ချက်ချင်းဆိုသလို ပြစ်ဒဏ်ချမှတ်ခံရပါလိမ့်မယ်။ နေရာလွတ်တွေလည်း အလွန်ကျဉ်းမြောင်းပြီး ဆုံးဖြတ်ချက်တွေ လျှင်လျှင်မြန်မြန်ချမှတ်ဖို့ ပိုလိုအပ်သလို အရာအားလုံး သေသေသပ်သပ်ရှိနေဖို့ ပိုလိုအပ်ပါတယ်"လို့ ဂေါ်ဒွန်က ပြောပါတယ်။
ဒါ့အပြင် လာလီဂါဆီ အင်္ဂလန်ကလပ်အသင်းတွေ ရောက်ရှိလာရင်လည်း စပိန်မြေမှာ ရုန်းကန်ရနိုင်တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ပရီးမီးယားလိဂ်ကလပ်အသင်းတချို့အတွက် ဒီလိုကစားဟန်ကို အစဉ်တစိုက်ကစားဖို့ဆိုရင် ရုန်းကန်ရနိုင်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ သူတို့မှာ လိုအပ်တဲ့စိတ်ရှည်မှု သို့မဟုတ် ကွင်းလယ်အရည်အသွေးမျိုး ရှိမနေနိုင်လို့ပါပဲ" လို့ ဂေါ်ဒွန်က ဆိုပါတယ်။ "ဒါ သူတို့ကို မလေးစားတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ပထမဆုံးလိဂ်ပွဲစဉ်တွေမှာ သတိထားမိလာတဲ့အချက် ဖြစ်ပါတယ်။ ဒီမှာက ဘောလုံးအပေါ် ပါးနပ်စွာကိုင်တွယ်ဆောင်ရွက်ပုံချင်း ကွဲပြားခြားနားပါတယ်"လို့ ဆက်ပြောပါတယ်။
ဂေါ်ဒွန်က လာမယ့်တနင်္ဂနွေနေ့၊ ဗလန်စီယာနဲ့ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်မှာ ဘာစီလိုနာအတွက် ဆက်လက်ပါဝင်ကစားသွားပါလိမ့်မယ်။