လိုင်ယွန်အသင်းမှ ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်တဲ့ ရာရှစ်ဂီဇယ်
ရာရှစ်ဂီဇယ်က လိုင်ယွန်အသင်းမှ ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်ပြီး အသင်းဟောင်းနဲ့ တကျော့ပြန်ပူးပေါင်းမှုကို အဆုံးသတ်သွားဖို့ ပြင်ဆင်နေပါတယ်။
အသက် ၃၄ နှစ်အရွယ် အယ်လ်ဂျီးရီးယားကစားသမားက ၂၀၁၇ ခုနှစ်မှာ မိုနာကိုအသင်းဆီ ပြောင်းရွှေ့ပြီးနောက် ဆယ်စုနှစ်တစ်ခုနီးပါးအကြာ ပြီးခဲ့တဲ့နွေရာသီမှာ Caykur Rizespor အသင်းမှ လိုင်ယွန်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ရောက်ရှိလာပါတယ်။
ဂီဇယ်ကို နည်းပြပေါ်လိုဖွန်ဆီကာရဲ့ လူစာရင်းမှာ အတွေ့အကြုံတွေ ဖြည့်ဆည်းပေးဖို့နဲ့ အနာဂတ်မှာ အသင်းရဲ့ နည်းပြပိုင်းဆိုင်ရာ လမ်းကြောင်းအတွက်ပါ ရည်ရွယ်ပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အသင်းမှာ အရန်ကစားသမားအဖြစ်သာ အများဆုံး ပါဝင်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။
"ဒီရာသီမှာ မယုံနိုင်စရာကောင်းတဲ့ အခိုက်အတန့်တွေရော၊ ခက်ခဲတဲ့ အခိုက်အတန့်တွေနဲ့ပါ ပြည့်နှက်နေခဲ့ပါတယ်။ ကွင်းထဲမှာ ဒီထက်ပိုပြီး စွမ်းဆောင်ပေးချင်ခဲ့ပေမဲ့လည်း အခုလို အသင်းဂျာစီကို ဝတ်ဆင်ခွင့်ရရှိမှုအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်" လို့ ဂီဇယ်က သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် "အသင်းဖော်တွေ၊ ဝန်ထမ်းတွေနဲ့ အသင်းတာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အရာအားလုံးထက် တစ်ရာသီလုံး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အကောင်းဆုံးတွေ ရှေ့မှာ လာပါဦးမယ်" လို့လည်း သူက ဆိုပါတယ်။