ဒဏ်ရာရနေတဲ့ အီဆက်ရဲ့နေရာကို ဘာကိုလာ အစာထိုးပေးနိုင်မယ်လို့ အီရာအိုလာ ထောက်ခံပြောဆို
ဘောလုံးရာသီအစပိုင်းမှာ ထင်သလောက်ခြေစွမ်းမပြသနိုင်သေးတဲ့ ဘာကိုလာကို လီဗာပူးနည်းပြအီရာအိုလာကိုယ်တိုင် ထောက်ခံရပ်တည်ပေးခဲ့ပါတယ်။
ဖူလ်ဟမ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်၊ ဘုန်းမောက်ကို ၀-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်တွေမှာ ဘာကိုလာ ပွဲထွက်ခွင့်ရရှိခဲ့ပေမဲ့ အီရာအိုလာလက်အောက် အခုအချိန်အထိ ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်သေးဘူး။
ပေါင် ၁၂၃ သန်းတန်ဘောလုံးကြယ်ပွင့်အတွက် ဂိုးသွင်းယူနိုင်ဖို့ အနီးစပ်ဆုံးအခိုက်အတန့်ကတော့ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာ သူ့ရဲ့ကန်ချက် ဂိုးပေါက်နဲ့ အနည်းငယ်လေးလွဲချော်သွားချိန်ပဲ ဖြစ်ပါတယ်။
သူ့ဆီမှာ ကောင်းမွန်တဲ့အရည်အသွေးအရိပ်အယောင်အချို့ ပြသနေပေမဲ့ ရရှိတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်သေးလို့ အခုထက်ပိုကောင်းတဲ့ပုံစံမျိုး မြင်တွေ့ချင်တယ်လို့ အီရာအိုလာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"ဘာကိုလာအတွက် ဆိုးရွားတဲ့အခိုက်အတန့်ဆီ ရောက်ရှိနေတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ တောင်ပံကစားသမားတွေဆိုရင် ဂိုးမသွင်းနိုင်တာနဲ့ ကောင်းကောင်းမကစားနိုင်ဘူးဆိုတဲ့ အမြင်တွေ ရှိတတ်ကြပေမဲ့ ကျွန်တော်တို့ကတော့ ပွဲစဉ်တစ်ခုလုံးကို ခြုံငုံကြည့်ရပါမယ်"
"အခွင့်အရေးတွေကို အဆုံးသတ်နိုင်တဲ့နေရာမျိုးမှာ ဘာကိုလာကို ရှိနေစေချင်ပါတယ်။ သူက ဘယ်တောင်ပံကစားသမားအဖြစ်ရော၊ တိုက်စစ်မှူးအဖြစ်ပါ ကစားခဲ့ဖူးလို့ တိုက်စစ်ပိုင်းသုံးနေရာလုံးကို တာဝန်ယူကစားပေးနိုင်ပါတယ်" လို့ အီရာအိုလာက ပြောပါတယ်။
အခုသီတင်းပတ်ကုန်၊ မန်စီးတီးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို အီဆက်နဲ့ ဂတ်ပို နှစ်ဦးလုံး လွဲချော်ဖို့ရှိနေလို့ ဘာကိုလာက လီဗာပူးတိုက်စစ်ပိုင်းမှာ ဗစ်တာမူနော့ဇ်၊ ဖလော်ရီယန်ဝစ်ဇ်၊ အန်ဂူမိုဟာ၊ ကူးမက်စ်တို့နဲ့အတူ ပူးပေါင်းပါဝင်လာနိုင်ပါတယ်။