အက်စတွန်ဗီလာရဲ့ ပြီးပြည့်စုံတဲ့ ကစားဟန်ကို ချီးကျူးလိုက်တဲ့ ဖရိုင်းဘတ်နည်းပြဂျူလီယန်ရှူးစတား
ဖရိုင်းဘတ်က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဓိကဆုဖလားကြီး ဆွတ်ခူးနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်သွားပါတယ်။ ပွဲစဉ်အပြီး RTL နဲ့ အင်တာဗျူးမှာ သူတို့အသင်းရဲ့ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဖရိုင်းဘတ်နည်းပြဂျူလီယန်ရှူးစတားက ပြန်လည်သုံးသပ်ပြောကြားခဲ့ပါတယ်။
"လောလောဆယ်မှာတော့ ကျွန်တော့်အတွက် ဘာကျေနပ်စရာမှ မရှိသေးပါဘူး" လို့ ရှူးစတားက ပွဲအပေါ် သူ့ရဲ့အမြင်ကို စတင်ပြောဆိုခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ်နည်းပြက "ပထမပိုင်းပွဲချိန် မိနစ် ၄၀ လောက်အထိပဲ စံချိန်စံညွှန်းမီခဲ့ပါတယ်။ အခုလိုရှုံးနိမ့်ကြောင့် တကယ်ကိုနာကျင်ရပါတယ်" လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။
တိုင်လီမန်းစ်ရဲ့အဖွင့်ဂိုးနဲ့ပတ်သက်လို့ ရှူးစတားက "ဒါက ကိုယ့်ဘက်မှာ နေရာလွတ်တွေ ဘယ်လောက်ပေးလိုက်သလဲဆိုတဲ့အပေါ် အမြဲတမ်းမူတည်နေပါတယ်။ အက်စတွန်ဗီလာကတော့ အဲ့ဒီအခွင့်အရေးကို အကောင်းဆုံးနဲ့ အပြည့်အစုံဆုံး အသုံးချသွားနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
ပထမပိုင်းပွဲပြီးခါနီး၊ ဘူအမ်ဒီယာသွင်းယူတဲ့ ဒုတိယဂိုးနဲ့ ပတ်သက်ပြီးတော့လည်း "ဒုတိယဂိုးကတော့ ကျွန်တော်တို့ရဲ့ အမှားသက်သက်ပါပဲ၊ အထူးသဖြင့် second ball ကို ဖျက်ထုတ်ပြီးချိန်မှာ ဖြစ်ခဲ့တာပါ။ ကိုယ့်ရဲ့မူလနေရာကို အမြန်ပြန်ရောက်ချင်တဲ့ စိတ်ဇောတွေကြောင့် လူအင်အား မမျှတမှုတွေ သိသိသာသာ ဖြစ်သွားခဲ့ရတယ်" လို့ သူက သုံးသပ်ပြပါတယ်။
ဒုတိယပိုင်းအစမှာ ဖရိုင်းဘတ်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့တာကို ရှူးစတားက ချီးကျူးခဲ့ပေမဲ့ အစောပိုင်းမှာတင် တစ်ဂိုးလောက်တော့ ရခဲ့သင့်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ "ကံမကောင်းစွာနဲ့ဘဲ ဒီစွမ်းဆောင်ရည်က မလုံလောက်ခဲ့ပါဘူး။ နောက်ထပ်ရက်အနည်းငယ်လောက် အနားယူပြီး အချိန်တစ်ခု ရလာရင်တော့ ပရိသတ်တွေနဲ့အတူ ကျွန်တော်တို့ ဘာတွေစွမ်းဆောင်နိုင်ခဲ့သလဲဆိုတာကို သေချာပေါက်ပြန်လည်သုံးသပ်နိုင်ပါလိမ့်မယ်" လို့ ဆိုပါတယ်။
ကွင်းလယ်ကစားသမားဟောင်းရှူးစတားက ဖရိုင်းဘတ်အသင်းအတွက် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့အတူ ဥရောပအဆင့်ဆီ ပြန်လာနိုင်ခဲ့လို့ အကောင်းမြင်စိတ်နဲ့ပဲ အင်တာဗျူးကို အဆုံးသတ်ခဲ့ပါတယ်။ "ဒီနေ့ကတော့ ကျွန်တော်တို့ ပိုကောင်းလာဖို့အတွက် ရရှိခဲ့တဲ့ အတွေ့အကြုံတစ်ခုပါပဲ။ လက်ရှိ ကျွန်တော်တို့ ဘယ်ခြေအနေမှာရှိနေသလဲ၊ ဘာတွေလိုအပ်နေသလဲဆိုတာကို အရှိကို အရှိအတိုင်း သုံးသပ်နိုင်ပါလိမ့်မယ်။ ဒီနေ့အတွက် အဲ့ဒီလိုသင်ခန်းစာတွေကို ရယူသွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။