ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့အထိ မမျှော်လင့်ထားခဲ့ဘူးလို့ ဖရိုင်းဘတ်ကွင်းလယ်လူအက်ဂီစတိန်း ဝန်ခံ
ဥရောပအဆင့်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ဖရိုင်းဘတ်အသင်းတက်ရောက်နိုင်ခဲ့မှုကို အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အက်ဂီစတိန်းက သဘောတူဝန်ခံလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲမှာ အနိုင်ရဖို့အတွက်ဆိုရင် ဖရိုင်းဘတ်အသင်းအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမျှတမှုရှိဖို့ အဓိကသော့ချက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
“ဒီပြိုင်ပွဲစတင်ချိန်တုန်းကတော့ ကျွန်တော်တို့ ဗိုလ်လုပွဲအထိ ကစားရလိမ့်မယ်လို့ မတွေးခဲ့မိပါဘူး။ ဒါပေမဲ့ ရာသီကုန်ခါနီးလာချိန် ကျွန်တော်တို့ ဒါကို လုပ်နိုင်တယ်ဆိုတာကို စတင်ယုံကြည်လာခဲ့ပါတယ်။ အခုလို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့မှုအတွက် အရမ်းဂုဏ်ယူမိသလို၊ မနက်ဖြန်မှာလည်း နောက်ဆုံးခြေလှမ်းကို အောင်အောင်မြင်မြင်လျှောက်လှမ်းပြီး ကျွန်တော်တို့ရဲ့ မြို့သူမြို့သားတွေကို ဂုဏ်တက်စေချင်ပါတယ်” လို့ အက်ဂီစတိန်းက တရားဝင်ပွဲကြိုအင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဝါဒါဘရီမင်ကွင်းလယ်လူဟောင်းဖြစ်တဲ့ အက်ဂီစတိန်းဟာ အခုရာသီ၊ ပြိုင်ပွဲစုံမှာ တစ်ပွဲတည်းသာ လွဲချော်ခဲ့ပါတယ်။ အခုရာသီ၊ ဥရောပရဲ့ထိပ်တန်းလိဂ်ငါးခုအနက် အက်ဂီစတိန်းထက် ပွဲကစားချိန်မိနစ် ပိုမိုများပြားခဲ့သူတွေမှာ ဗန်ဒိုက်နဲ့ လာခရို့စ်တို့သာ ဖြစ်ပါတယ်။
“အခုလိုအတွေ့အကြုံသစ်တွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတာနဲ့ မနက်ဖြန်ပွဲအတွက် လိုအပ်တဲ့စိတ်လှုပ်ရှားမှုအကြား မျှမျှတတဖြစ်အောင် ထိန်းထားရပါမယ်” လို့ ဂျာမနီ ယူ-၂၁ လက်ရွေးစင်ဟောင်းက ပြိုင်ဘက်အသင်းကို မသုံးသပ်ခင်မှာ ပြောကြားခဲ့ပါတယ်။
“အက်စတွန်ဗီလာက တစ်ဦးချင်းအရည်အချင်းရော၊ အသင်းလိုက်ပါ အရမ်းတောင့်တင်းပါတယ်။ သူတို့ ဘယ်လိုအသင်းမျိုးလဲဆိုတာ ကျွန်တော်တို့ သိသလို၊ ဒီပွဲကို ဘယ်လိုပုံစံနဲ့အနိုင်ယူမလဲဆိုတဲ့ အကြံဉာဏ်အချို့လည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ မနက်ဖြန်မှာ အဲဒီအစီအစဉ်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။