တန်းဆင်းဇုန်ဖိအားတွေမှတဆင့် စိတ်အားတက်ကြွမှုရှာဖွေဖို့ တော့တင်ဟမ်အသင်းကို ဒီဇာဘီ တိုက်တွန်း
တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြဒီဇာဘီက ပရီးမီးယားလိဂ်တန်းဆင်းဇုန်မှလွတ်မြောက်နိုင်ရေး ကြိုးပမ်းနေချိန် ပြိုင်ဘက်တွေရဲ့လှောင်ပြောင်သရော်မှုတွေကို တွန်းအားအဖြစ် အသုံးချသွားကြဖို့ သူ့ရဲ့ကစားသမားတွေဆီ တိုက်တွန်းလိုက်ပါတယ်။
တော့တင်ဟမ်က တန်းဆင်းဇုန်အတွင်းကျရောက်နေတဲ့ ဝက်စ်ဟမ်းထက် နှစ်မှတ်အသာ ရရှိထားပြီး လက်ကျန်ပွဲစဉ်နှစ်ခုမှ တစ်မှတ်ရယူနိုင်ရုံဖြင့် တန်းဆင်းဇုန်လွတ်မြောက်ဖို့ လုံလောက်သွားနိုင်ပါတယ်။
၁၉၇၇ ခုနှစ်မှာ အင်္ဂလန်ထိပ်တန်းလိဂ်မှ နောက်ဆုံးဆုံးအကြိမ်တန်းဆင်းခဲ့ဖူးတဲ့ တော့တင်ဟမ်က အင်္ဂါညပိုင်းမှာတော့ လန်ဒန်ဒါဘီပြိုင်ဘက်ချဲလ်ဆီးနဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး ဆိုးရွားလှတဲ့ဘောလုံးရာသီအခြေအနေကြောင့် ပြိုင်ဘက်ပရိသတ်တွေရဲ့လှောင်ပြောင်သံတွေနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။
"ဒီဖိအားတွေထဲမှ တွန်းအားသစ်တွေ ရှာဖွေသွားရပါမယ်" လို့ အီတာလျံလူမျိုးနည်းပြက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ "အကယ်၍ လူတိုင်းက တော့တင်ဟမ်ကို တန်းဆင်းစေချင်နေကြတယ်ဆိုရင် ဒါက ကျွန်တော့်အတွက်ရော၊ ကစားသမားတွေအတွက်ပါ ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်လာပါလိမ့်မယ်။ ပြိုင်ဆိုင်မှုတွေ ရှိနေလို့လည်း ဘောလုံးကစားနည်းက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကို ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်။ သူတို့ရဲ့ကွင်းထဲမှာ အောင်ပွဲခံနေမှုကို မြင်ယောင်ကြည့်ရတာ ကောင်းမွန်တဲ့အရာတစ်ခုပါ...... မာန်မာနဆိုတာ အံ့ဩစရာကောင်းတဲ့ တွန်းအားတစ်ခု ဖြစ်ပါတယ်။ လူတိုင်းက တော့တင်ဟမ်ကို တန်းဆင်းစေချင်နေရင်တောင် တော့တင်ဟမ်ကစားသမားတစ်ဦး၊ ပရိသတ်တစ်ဦးနဲ့ အသင်းမှာ အလုပ်လုပ်နေသူတွေအားလုံးအတွက် အကြီးမားဆုံးတွန်းအား ဖြစ်ရပါမယ်" လို့ ၎င်းက ဆိုပါတယ်။
တော့တင်ဟမ်ဟာ လာမယ့်တနင်္ဂနွေနေ့၊ အိမ်ကွင်းမှာ အဲဗာတန်နဲ့ရင်ဆိုင်ကစားချိန်၊ ဝက်စ်ဟမ်းကလည်း လိဒ်ယူနိုက်တက်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။