မိုဆာလက်ကို အန်ဖီးလ်မှာ နှုတ်ဆက်ခွင့်ရဖို့တောင် မထိုက်တန်သူအဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဝိန်းရွန်နီ
သရဲနီဂန္ထဝင်ဝိန်းရွန်နီကတော့ နည်းပြအာနယ်စလော့အပေါ် ပြန်လည်ဝေဖန်ခဲ့တဲ့ မိုဆာလက်ကို အပြင်းအထန်ဝေဖန်လိုက်ပါတယ်။
အက်စတွန်ဗီလာကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေ အတော်လေးမှေးမှိန်သွားခဲ့ပြီးနောက် မိုဆာလက်က ယာဂန်ကလော့ပ်လက်ထက် ပြိုင်ဘက်တွေ ထိတ်လန့်ကြောက်ရွံ့ရတဲ့ "Heavy Metal တိုက်စစ်ကစားဟန်" ပုံစံမျိုးဆီ ကြိုးကြာနီတွေ ပြန်သွားရမယ်လို့ ပြောကြားခဲ့ပါတယ်။
အီဂျစ်ကြယ်ပွင့်က မာဆေးဆိုဒ်မှာရှိနေချိန်အတွင်း ၂၅၇ ဂိုးအထိ သွင်းယူပေးကာ အသင်းအတွက် အဓိကချန်ပီယံဆုဖလား ခြောက်ကြိမ်ရရှိအောင် ကူညီပေးခဲ့ပြီး အခုရာသီကုန်မှာတော့ လီဗာပူးမှ ထွက်ခွာသွားပါတော့မယ်။
မိုဆာလက်ရဲ့မှတ်ချက်စကား ထွက်ပေါ်လာပြီးနောက် ဝိန်းရွန်းနီက အဲဒီတောင်ပံကစားသမားကို အပြင်းအထန် ဝေဖန်ခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့၊ ဘရန့်ဖို့ဒ်နဲ့ရာသီပိတ်ပွဲစဉ်မှာ မိုဆာလက်အတွက် အခွင့်အရေးမရှိသင့်တော့ဘူးလို့ ယုံကြည်နေပါတယ်။
"လီဗာပူးမှာ သူလုပ်ဆောင်ခဲ့တာတွေ၊ အောင်မြင်ခဲ့တာတွေနဲ့ ယှဉ်ရင် အခုလိုအဆုံးသတ်မျိုး ဖြစ်နေတယ်ဆိုတာ စိတ်မကောင်းစရာပါ။ ဒါပေမဲ့ နည်းပြအန်းစလော့ကို အခုလိုနောက်တစ်ကြိမ်ဝေဖန်တာမျိုး မလုပ်သင့်ပါဘူး" လို့ ဝိန်းရွန်းနီက ပြောပါတယ်။
"သူက Heavy Metal ဘောလုံးမျိုး ကစားချင်တယ်ဆိုတော့ ယာဂန်ကလော့ပ်ရဲ့ကစားကွက်မျိုးကို လိုချင်တယ်လို့ ပြောလိုက်တာပါပဲ။ ဒါပေမဲ့ မိုဆာလက်ကိုယ်တိုင်လည်း အဲဒီလို အရှိန်အဟုန်ပြင်းပြင်းနဲ့ကစားရတဲ့ဘောလုံးကစားဟန်မျိုးကို အခုချိန်မှာ မကစားနိုင်တော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အဲဒီလို အမြင့်ဆုံးအရှိန်နဲ့ကစားဖို့အတွက် သူ့ရဲ့ခြေထောက်တွေ မလိုက်နိုင်တော့ပါဘူး"
"အန်းစလော့နေရာမှာ ကျွန်တော်သာဆိုရင် နောက်ဆုံးပွဲစဉ်မှာ သူ့ကို ကွင်းနားတောင် အကပ်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်လည်း ဖာဂူဆန်နဲ့အဆင်မပြေဖြစ်ပြီး စကားများဖူးပါတယ်။ အဲဒီတုန်းက ဖာဂူဆန်ရဲ့အိုးလ်ထရက်ဖို့ဒ်နောက်ဆုံးပွဲမှာ အဲဒီအကြောင်းပြချက်နဲ့ပဲ ကျွန်တော့်ကို လူစာရင်းမှ ချန်လှပ်ခဲ့ဖူးပါတယ်"
"မိုဆာလက်ကတော့ ပြဿနာတစ်ခု ဖန်တီးလိုက်တာပါပဲ။ သူက အန်းစလော့ကို မယုံကြည်ဘူးလို့ ပြောလိုက်သလို ဖြစ်နေသလို၊ နောက်ရာသီမှာ ကျန်ရစ်ခဲ့မယ့် သူ့ရဲ့အသင်းဖော်တွေကိုလည်း အခက်တွေ့စေမယ့် အခြေအနေမျိုးဆီ တွန်းပို့လိုက်တာပါပဲ" လို့ ဝိန်းရွန်းနီက ဆိုပါတယ်။
ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ လီဗာပူးအသင်းရဲ့ဘောလုံးရာသီက လာမယ့်တနင်္ဂနွေနေ့၊ အိမ်ကွင်းပွဲစဉ်မှာ အဆုံးသတ်သွားဖို့ရှိနေပြီး ဂန္ထဝင်ကစားသမားကြီးမိုဆာလက်အတွက် ပရိသတ်တွေကို နှုတ်ဆက်ခွင့်တောင် ရပါဦးမလားဆိုတာ စိတ်ပူပန်စရာ ဖြစ်နေရပါတယ်။