အငြင်းပွားဖွယ်လက်ထိဘောဆုံးဖြတ်ချက်ကြောင့် ဒိုင်လူကြီးအစည်းအရုံးနဲ့တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆိုလိုက်တဲ့ ဖောရက်စ်နည်းပြပါရဲရား
အမ်ဘွေမိုရဲ့လက်ထိဘောဖြစ်ရပ်နဲ့ပတ်သက်လို့ သံသယတွေကို ရှင်းလင်းပေးသွားဖို့အတွက် နော်တင်ဟမ်ဖောရက်စ်နည်းပြဗီတာပါရဲရားက တာဝန်ရှိအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဒိုင်လူကြီးအစည်းအရုံး(PGMOL)နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။
အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အတွင်း ပါရဲရားရဲ့အသင်းက မန်ချက်စတာယူနိုက်တက်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ မတူညီတဲ့ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်တဲ့ အခြေအနေအချို့ ရှိခဲ့ပါတယ်။
တစ်ဖက်တစ်ဂိုးစီသရေကျနေချိန် အိမ်ရှင်အသင်းအတွက် ကွန်ဟာဦးဆောင်ဂိုးမသွင်းယူခင် အမ်ဘွေမိုရဲ့လက်မောင်းနဲ့ ဘောလုံး ထိသွားခဲ့ပုံရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ VAR တာဝန်ခံ ပီတာဘန့်စ်က လက်ထိဘောသတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ အချိန်ယူစစ်ဆေးခဲ့ပေမဲ့ ကွင်းလယ်ဒိုင်မိုက်ကယ်ဆလစ္စဘာရီကတော့ ကွန်ဟာရဲ့သွင်းဂိုးကို အတည်ပြုပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။
ပွဲစဉ်အပြီး၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပါရဲရားက ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အတော်လေးစိတ်ပျက်နေပြီး ဒိုင်လူကြီးများအစည်းအရုံး(PGMOL)နဲ့ တွေ့ဆုံနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။
"ရူးသွပ်ချင်စရာပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ပရိသတ်တွေအတွက်တော့ ကြည့်ကောင်းတဲ့ပွဲဖြစ်နိုင်ပေမဲ့ နည်းပြတစ်ဦးအတွက်ဆိုရင်တော့ အပြန်အလှန်တိုက်စစ်ဖွင့်ကစားရင်း ခံစစ်တွေ ပွင့်ထွက်နေတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းပွဲချိန်တွေမှာပေါ့" လို့ သူက ပြောပါတယ်။
"နောက်ဆုံးမှာတော့ ကျွန်တော်လက်ခံရမယ့် ဆုံးဖြတ်ချက်တစ်ခုကြောင့်ပဲ ပွဲရလဒ်ပိုင်းအဆုံးအဖြတ်ဖြစ်သွားတယ်ဆိုတာ စိတ်မကောင်းစရာပါပဲ။ ဒါ ကျွန်တော့်ရဲ့အမြင်သက်သက် မဟုတ်ပါဘူး၊ ကျွန်တော့်အတွက်တော့ လက်ထိဘောဆိုတာ သေချာပေမဲ့ ကွင်းလယ်ဒိုင်ကတော့ ဂိုးကို မပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။
ပရီးမီးယားလိဂ်ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေ တသမတ်တည်းမရှိနေလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အဆင့်မြင့်အရာရှိတွေနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပါရဲရားက ယုံကြည်နေပါတယ်။
"အခုအချိန်မှာ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်အပေါ် ကျွန်တော်တို့ ထားရှိတဲ့ သံသယပါပဲ" လို့ ပါရဲရားက ထပ်လောင်းပြောကြားခဲ့ပါတယ်။
"လူတိုင်းနဲ့ တွေ့ဆုံဆွေးနွေးပြီး စည်းမျဉ်းတွေနဲ့ ဆုံးဖြတ်ချက်တွေကို နားလည်အောင် ကြိုးစားဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ တခြားနည်းပြတွေ အားလုံးလည်း အချို့သော ဆုံးဖြတ်ချက်တွေအပေါ် သံသယရှိနေကြမယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ သူက နိဂုံးချုပ်ပြောဆိုသွားခဲ့ပါတယ်။