ယူနိက်တက်မှာ ကြီးမားတဲ့ပြဿနာတွေရှိနေတုန်းပဲလို့ ဆိုလာတဲ့ ရွိုင်ကိန်း
မိုက်ကယ်ကာရစ်လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာခဲ့ပေမဲ့ ကလပ်အသင်းမှာ "ကြီးမားတဲ့ပြဿနာတွေ ရှိနေတုန်းပဲ" လို့ ယူနိုက်တက်ဂန္ထဝင်ကစားသမားကြီး ရွိုင်ကိန်းက ယုံကြည်နေပါတယ်။
အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွိုင်ကိန်းဟာ ကွင်းလယ်လူဟောင်း ကာရစ်ကို ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် စတင်ခန့်အပ်ခဲ့ချိန်ကတည်းက သူ့အပေါ် အကြီးမားဆုံး သံသယရှိသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကာရစ်ဟာ ယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပြီး အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့လည်း ရှိနေပါတယ်။
ဒီလိုအခြေအနေတွေရှိနေပေမဲ့ ရွိုင်ကိန်းကတော့ ကလပ်အသင်းမှာ "ကြီးမားတဲ့ပြဿနာတွေ ရှိနေတုန်းပဲ" လို့ ယုံကြည်နေပြီး တကယ့်အလုပ်တွေက အခုမှ စတင်ရဦးမှာလို့ ယူဆနေပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ကာရစ်ဟာ အမြဲတမ်းနည်းပြရာထူးနဲ့ ထိုက်တန်ရဲ့လားလို့ မေးမြန်းရာမှာ "ဟုတ်ပါတယ်၊ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ သူ အသင်းကို ဦးဆောင်ကိုင်တွယ်နိုင်ခဲ့ပါတယ်" လို့ ရွိုင်ကိန်းက ဖြေကြားခဲ့ပါတယ်။
"ကျွန်တော် ထင်တာကတော့ သူ့ကိုပေးထားတဲ့ တာဝန်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖြစ်မှာပါ၊ အခုတော့ သူတို့ ဒါကို လုပ်နိုင်ခဲ့ပါပြီ၊ ဒါပေမဲ့ ရှေ့မှာတော့ ကြီးမားတဲ့ပြဿနာတွေ ရှိနေတုန်းပါပဲ။ သူက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေတုန်းလားဆိုတာတော့... အသင်းက တခြားဘယ်နည်းပြတွေနဲ့ ဆွေးနွေးခဲ့သလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ သူ ပွဲတွေ နိုင်အောင် စွမ်းဆောင်နေတာကတော့ အချက်အလက်တစ်ခုပေါ့... ဒါပေမဲ့ ယူနိုက်တက်မှာ ကြီးမားတဲ့ပြဿနာတွေ ရှိနေတုန်းပါပဲ။ တကယ့်ကို ကြီးမားတဲ့ပြဿနာတွေပါ" လို့ ၎င်းက ဆိုခဲ့ပါတယ်။