The network connection is lost.

Banner Image

မိုက်ကယ်ကာရစ်က ယူနိုက်တက် အနာဂတ်နဲ့ပတ်သက်ပြီး လာမယ့်ရက်ပိုင်းအတွင်း မှာ ရှင်းရှင်းလင်းလင်း သိရဖို့ မျှော်လင့်နေ

မိုက်ကယ်ကာရစ်က သူဟာ အသင်းမှာဆက်ရှိနေဖို့ နှစ်နှစ်စာချုပ် ချုပ်ဆိုတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ၊ မန်ယူနိုက်တက်နည်းပြအဖြစ် သူ့ရဲ့အနာဂတ်ကို ဒီအပတ်အတွင်းမှာ ရှင်းရှင်းလင်းလင်း သိရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ ယူနိုက်တက်အတွက် ပရီမီယာလိဂ်ရဲ့ အဆင့် ၃ နေရာကို အခိုင်အမာ ရရှိစေခဲ့ပါတယ်။

မိုက်ကယ်ကာရစ်ဟာ ဇန်နဝါရီလမှာ အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံရဖို့ ရှိနေပါတယ်။

"လာမယ့်ရက်ပိုင်းအတွင်းမှာ အခြေအနေတွေက ပိုပြီး ရှင်းလင်းသွားပါလိမ့်မယ်။ ဒီနေ့မှာတော့ အရေးကြီးဆုံးက ဒီပွဲမှာ ရလဒ်ကောင်းရဖို့နဲ့ ကစားသမားတစ်ဦးချင်းစီရဲ့ အခြေအနေတွေပါပဲ။ ဘယ်လိုသတင်းတွေပဲ ထွက်လာပါစေ၊ လာမယ့်ရက်ပိုင်းအတွင်းမှာ သင်တို့အားလုံး သေချာပေါက် သိရမှာပါ" လို့ ယူနိုက်တက်နဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်းက ပြောပါတယ်။

ယူနိုက်တက်ရဲ့ ရာသီပိတ် အိမ်ကွင်းပွဲစဉ်အပြီးမှာ ပရိသတ်တွေကို စကားပြောကြားစဉ်မှာလည်း မိုက်ကယ်ကာရစ်က သူဟာ အသင်းမှာ ဆက်ရှိနေမယ့်အကြောင်း အရိပ်အမြွက် ပြောခဲ့ပါသေးတယ်။

"ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဒီကွင်းထဲမှာ ကျွန်တော်တို့ အမှတ်တရဖြစ်စရာ အခိုက်အတန့်တွေ၊ အရေးကြီးတဲ့ ဂိုးတွေနဲ့ ရလဒ်ကောင်းတွေ အများကြီး ရခဲ့ပါတယ်။ နောင်မှာလည်း အခုလိုမျိုးတွေ ထပ်ရှိလာဦးမယ်လို့ မျှော်လင့်ပါတယ်" လို့ သူက ဆိုပါတယ်။

မိုက်ကယ်ကာရစ်ဟာ သူကိုင်တွယ်ခဲ့တဲ့ ၁၆ ပွဲမှာ ၁၁ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပြီး၊ ၂ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ယူနိုက်တက်ကို နောက်ရာသီမှာ ပြန်လည်ဝင်ရောက်ခွင့်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။