The network connection is lost.

Banner Image

စာချုပ်သစ်ကိစ္စအတွက် စိတ်အေးလက်အေးရှိနေပြီး အသင်းအောင်မြင်မှုရဖို့ကိုပဲ အဓိကထားနေတဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီ

မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ရိုဒရီက ကလပ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမယ့်ကိစ္စအပေါ် စိတ်အေးလက်အေးရှိနေပြီး လက်ရှိမှာတော့ အာဆင်နယ်နဲ့ အပြိုင်ဖြစ်နေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲကိုပဲ ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ရိုဒရီဟာ ၂၀၁၉ ခုနှစ်မှာ မန်စီးတီးကို စတင်ရောက်ရှိလာကတည်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ယောက်အဖြစ် ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ ရွှေဘောလုံးဆု (Ballon d’Or) ပိုင်ရှင် ရိုဒရီဟာ ၂၀၂၇ ခုနှစ် နွေရာသီမှာမှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ သူ့ကို စပိန်ကလပ်တွေဆီ ပြန်သွားတော့မယ်ဆိုတဲ့ သတင်းတွေလည်း အပြင်းအထန် ထွက်ပေါ်နေပါတယ်။

မန်စီးတီးအသင်းဘက်ကတော့ ရိုဒရီကို စာချုပ်သစ် ထပ်မံချုပ်ဆိုပြီး အသင်းမှာ ဆက်ထိန်းထားဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေထွက်နေပေမဲ့ ရိုဒရီကတော့ လက်ရှိအချိန်မှာ ဒါတွေကို ထည့်မစဉ်းစားသေးပါဘူး။ စနေနေ့က ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ၁-၀ နဲ့ အနိုင်ရပြီးနောက်မှာတော့ ရိုဒရီက စာချုပ်ကိစ္စတွေအတွက် စိတ်အေးလက်အေးရှိနေကြောင်းနဲ့ နောက်ထပ် ပရီးမီးယားလိဂ်ဖလားတစ်လုံး ထပ်မံရယူနိုင်ဖို့ကိုပဲ အာရုံစိုက်နေကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် စိတ်အေးလက်အေးပါပဲ။ အမှန်အတိုင်းပြောရရင် အခုအချိန်မှာ နောက်ထပ် ဦးစားပေးရမယ့်အရာတွေ ရှိနေတာကြောင့် ကျွန်တော့်ရဲ့အနာဂတ်အကြောင်းကို သိပ်ပြီးမတွေးမိသေးပါဘူး။ ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ့် အခွင့်အရေးရှိနေတာကြောင့် အသင်းအနေနဲ့ ဒီရာသီကို ဖလားအများဆုံးနဲ့ အဆုံးသတ်နိုင်ဖို့ကိုပဲ စဉ်းစားနေပါတယ်။ အဲဒီနောက်မှာတော့ ကမ္ဘာ့ဖလားပွဲစဉ်တွေရှိပါတယ်" လို့ ၎င်းက ဆိုပါတယ်။