ရာသီပိတ်အရေးကြီးကာလမတိုင်ခင် အက်စတွန်ဗီလာအသင်းကို နောက်ဆုံးအားထုတ်မှုလုပ်ပေးဖို့ အမ်မရီ တောင်းဆို
အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီဟာ ရာသီပိတ်နောက်ဆုံးအဆင့်ပွဲစဉ်တွေအတွက် ပြင်ဆင်နေတဲ့ သူ့ရဲ့ကစားသမားတွေဆီကို သတင်းစကားတစ်ခု ပါးလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်၊ ဘန်လေနဲ့ တာ့ဖ်မိုးကွင်းပွဲစဉ်မှာ အက်စတွန်ဗီလာက ခြေစွမ်းမပြနိုင်ဘဲ သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရေးမျှော်လင့်ချက် ထိခိုက်ခဲ့ရပါတယ်။
အမ်မရီရဲ့အသင်းက ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိလာဖို့ အာရုံစိုက်နေသလို ဒီလနှောင်းပိုင်းမှာ ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲဆီလည်း အာရုံစိုက်နေပါတယ်။ အဲ့ဒီဗိုလ်လုပွဲမှာ အနိုင်ရခဲ့ရင် သူတို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို အလိုအလျောက် ရရှိစေပါလိမ့်မယ်။
အက်စတွန်ဗီလာအသင်းက လာမယ့်သောကြာနေ့မှာ၊ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် ဖရိုင်းဘတ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဆင်နွှဲရပါလိမ့်မယ်။ သတင်းတွေအရတော့ အက်စတွန်ဗီလာအသင်းက ယူရိုပါလိဂ်ဗိုလ်လုပွဲကို ပိုပြီးအာရုံစိုက်သွားလိမ့်မယ်လို့ သိရပါတယ်။
သောကြာညပိုင်းပွဲစဉ်မှာ လီဗာပူးကို အနိုင်ရမယ်ဆိုရင် အက်စတွန်ဗီလာက အမှတ်ပေးဇယားထိပ်ဆုံးငါးသင်းစာရင်းဝင်ဖို့ သေချာသွားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်လည်း ရရှိပါလိမ့်မယ်။ ဒါကြောင့် အမ်မရီက ဘောလုံးရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့အတွက် နောက်ဆုံးအကြိမ်အဖြစ် အစွမ်းကုန်ကြိုးစားပေးကြဖို့ သူ့အသင်းကို တောင်းဆိုထားပါတယ်။
"ဒါက ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမယ့် အခိုက်အတန့်ဖြစ်သလို လူတိုင်းအတွက် နောက်ဆုံးအားထုတ်မှုကို လုပ်ဆောင်ရမယ့်အချိန်လည်း ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။
"နေ့တိုင်း၊ လေ့ကျင့်ရေးတိုင်းနဲ့ ပွဲတိုင်းမှာ အခုလိုပဲ စိတ်အားထက်သန်မှု၊ လှုံ့ဆော်မှုတွေရှိနေဖို့ ကြိုးစားသွားရပါမယ်"
"ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုတာ ကျွန်တော်တို့အတွက်ရော၊ လီဗာပူး၊ ဘုန်းမောက်နဲ့ ဘရိုက်တန်တို့အတွက်ပါ တကယ်ကို ခက်ခဲပါလိမ့်မယ်"
"ဒါကို အောင်အောင်မြင်မြင်လုပ်နိုင်တဲ့အသင်းကသာ ဒီရလဒ်နဲ့ ထိုက်တန်ပါလိမ့်မယ်။ ကျွန်တော်တို့လည်း အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ အမ်မရီထက်ပိုပြီး ဖလားကိုင်မြှောက်နိုင်တဲ့ နည်းပြ မရှိသေးသလို နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ယူပြီးနောက်မှာတော့ အက်စတွန်ဗီလာက ဒီရာသီ၊ ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။