The network connection is lost.

Banner Image

အာတီတာရဲ့လက်အောက်မှာ အာဆင်နယ်အသင်း ဖလားနှစ်လုံးအောင်မြင်မှုရဖို့အတွက် ယောကရက်စ်က အဓိကအကြောင်းအရင်း ဖြစ်လာလိမ့်မယ်လို့ ဝိန်းရွန်းနီ ပြောကြား

ပရီးမီးယားလိဂ်ဂန္ထဝင် ဝိန်းရွန်းနီက အသင်းမှာ တစ်စထက်တစ်စ အသားကျလာတဲ့ အာဆင်နယ်တိုက်စစ်မှူး ယောကရက်စ်ကို ချီးကျူးစကားဆိုလိုက်ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၆၃ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဟာ အခုရာသီမှာ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ဦးတည်နေတဲ့ အာဆင်နယ်အသင်းမှာ တဖြည်းဖြည်းနဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့တာပါ။

နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ယောကရက်စ်ဟာ အင်္ဂလန်ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိယူနိုင်ခဲ့ပြီး အခုဆိုရင် နည်းပြအာတီတာရဲ့လက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြသနေပါတယ်။

အခုရာသီ ပြိုင်ပွဲစုံမှာ ၂၁ ဂိုးအထိ သွင်းယူပေးထားတဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အခုထက်ပိုပြီး ချီးကျူးမှုတွေနဲ့ ထိုက်တန်သူဖြစ်တယ်လို့ ဝိန်းရွန်းနီက သဘောကျနေတာပါ။

"ဒီရာသီတစ်လျှောက်လုံး ကျွန်တော်ဒါကို ပြောခဲ့လို့ ဝေဖန်ခံခဲ့ရပေမဲ့ တကယ်တော့ ကျွန်တော် သူ့ကို အရမ်းသဘောကျပါတယ်။ သူက အာဆင်နယ်အသင်းအတွက် ခံစစ်ကစားသမားတွေကို အလုပ်ရှုပ်အောင် လုပ်ပေးနိုင်တယ်။ သူတို့ကို အမြဲသတိထားနေရအောင် လုပ်တယ်၊ နေရာလွတ်တွေထဲကို ပြေးလွှားပြီး ကစားပေးတတ်တယ်" လို့ ဝိန်းရွန်းနီက ဆိုပါတယ်။

"ပြီးတော့ လတ်တလောမှာ မြင်တွေ့နေရတာက သူဟာ အီဘီရီချီအီဇီနဲ့ ဘူကာယိုဆာကာတို့အတွက် နေရာလွတ်တွေ ပိုရအောင် လုပ်ပေးနေတာပါ။ ဘာလို့လဲဆိုတော့ ဗဟိုခံစစ်ကစားသမား တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လုံးက သူ့ကို လိုက်ပိတ်နေရရင် ဘေးလူတွေကပါ လိုက်ပါကူညီပေးရတာကြောင့် ဘောလုံးကို အမြန်ပေးပို့လိုက်တဲ့အခါ သူ့ရဲ့နောက်ဘက်မှာ လူတိုင်းအတွက် နေရာလွတ်တွေ အများကြီး ထွက်ပေါ်လာစေပါတယ်"

"ပြီးခဲ့တဲ့ အပတ်အနည်းငယ်အတွင်းမှာ သူဟာ ဒါကို ပိုပြီးတော့ ပြသလာနိုင်ခဲ့ပါတယ်။ အကယ်၍ အာဆင်နယ်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားနှစ်လုံးစလုံးကို ရယူနိုင်ခဲ့မယ်ဆိုရင် သူဟာ အဓိကအကြောင်းအရင်း ဖြစ်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အာဆင်နယ်အသင်းမှာ လိုအပ်နေတဲ့ အချက်ဖြစ်လို့ပါပဲ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်တွေဖြစ်တဲ့ သီယာရီအွန်နီနဲ့ အီယန်ရိုက်တို့ဟာ သူတို့ရဲ့ ပထမဆုံးရာသီမှာ ဂိုး ၂၀ ပြည့်အောင် သွင်းယူနိုင်ခဲ့ကြပေမဲ့ ယောကရက်စ်ကတော့ သူတို့ထက်တောင် တစ်ဆင့်ပိုပြီး စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂန်းနားတို့ဟာ ဒီတစ်ပတ်မှာ ဘန်လေအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ယောကရက်စ်က သူ့အသင်းကို ပထမဆုံးအကြိမ် ဥရောပဖလားရရှိအောင် ဦးဆောင်ပေးနိုင်မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။