ဟမ်းဘတ်မှထွက်ခွာဖို့ ရာနှုန်းပြည့်နီးပါးသေချာနေတဲ့ တော့တင်ဟမ်အငှားကစားသမားဗက်စ်ကိုဗစ်
တော့တင်ဟမ်မှ အငှားဖြင့်လာရောက်ကစားနေတဲ့ ဗက်စ်ကိုဗစ်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အငှားစာချုပ်သက်တမ်းပြည့်မြောက်ရင် ဟမ်းဘတ်အသင်းမှထွက်ခွာရဖို့ "၉၉ဒဿမ၉ ရာခိုင်နှုန်း" သေချာနေပြီလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ခရိုအေးရှားဗဟိုနောက်ခံလူက ဖရိုင်းဘတ်ကို ၃-၂ ဂိုးဖြင့်အနိုင်ယူခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အတွင်း ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် Kicker မဂ္ဂဇင်းနဲ့အင်တာဗျူးအစီအစဉ်မှာ အခုလို ပြောပြခဲ့တာပါ။ ဒါကြောင့် ဒီပွဲစဉ်က Volksparkstadion ကွင်းကြီးမှာ ကစားခဲ့တဲ့ ဗက်စ်ကိုဗစ်ရဲ့နောက်ဆုံးပွဲစဉ် ဖြစ်လာဖို့လည်း သေချာသလောက် ရှိနေပါတယ်။
"၉၉.၉ ရာခိုင်နှုန်းလောက် သေချာတာကတော့ ဒါက ကျွန်တော့်ရဲ့ နှုတ်ဆက်ပွဲပါပဲ" လို့ ဗက်စ်ကိုဗစ်က ဝန်ခံခဲ့ပါတယ်။
ဆေးစစ်ချက်ကျရှုံးမှုကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံနေရပြီး လာမယ့်နိုဝင်ဘာလမှ ပြန်ကစားနိုင်မယ့် သူ့ရဲ့အစ်ကိုဖြစ်သူ မာရီယိုဗက်စ်ကိုဗစ်နဲ့ မိဘတွေလည်း ကွင်းတွင်းအထိ လာရောက်အားပေးခဲ့ကြပါတယ်။
"ဒါ တကယ့်ကို ထူးခြားတဲ့ အချိန်အခိုက်အတန့်တစ်ခုပါ။ အသင်းကို ကူညီခွင့်ရခဲ့လို့ ကျွန်တော် အရမ်းဝမ်းသာသလို၊ ဒီလိုကလပ်အသင်းကြီးရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရခဲ့တာကိုလည်း အရမ်းပျော်ရွှင်မိပါတယ်" လို့ ဗက်စ်ကိုဗစ်က ဆိုပါတယ်။
ယမန်နှစ်နွေရာသီ၊ အသင်းဆီရောက်ရှိလာပြီးနောက် ဗက်စ်ကိုဗစ်က အကျိုးသက်ရောက်မှုများစွာ ပြသနိုင်ခဲ့ပြီး အာဆင်နယ်အငှားကစားသမားဖေဘီယိုဗီအဲရာနဲ့အပြိုင် ဟမ်းဘတ်အတွက် ၆ ဂိုးစီသွင်းယူရင်း အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နေပါတယ်။ ပေါ်တူဂီကွင်းလယ်လူဗီအဲရာကိုယ်တိုင်လည်း ဒီနွေရာသီမှာ မိခင်ကလပ်အသင်းဆီ ပြန်သွားရဖို့ ရှိနေပါတယ်။
ဟမ်းဘတ်နည်းပြမာလင်ပိုလ်ဇင်ကတော့ ကစားသမားနှစ်ဦးစလုံးအတွက် "ထူးခြားတဲ့ အမှတ်တရ အချိန်လေးတစ်ခု" ဖြစ်စေဖို့ ပွဲပြီးခါနီးမှာ လူစားလဲပေးခဲ့ပါတယ်။
နည်းပြပိုလ်ဇင်က "ဒီကစားသမားတွေကို တစ်နှစ်ပတ်လုံးလေ့ကျင့်ပေးခွင့်ရခဲ့တယ်ဆိုတာ ကျွန်တော့်အတွက် အခွင့်ထူးတစ်ရပ် ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း တကယ့်ကိုကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ကြလို့ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ လာမယ့်နှစ်မှာ ဒီလိုထူးချွန်တဲ့အငှားကစားသမားနှစ်ဦး မရှိတော့ပေမဲ့လည်း ကျွန်တော်တို့အသင်းကို အကောင်းဆုံး ပြင်ဆင်ထားမှာဖြစ်လို့ စိုးရိမ်နေစရာမလိုပါဘူး" လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။