ရာသီလက်ကျန်နောက်ဆုံးပွဲစဉ်တွေမှာ မာမွတ်ရှ်ကို ဟာလန်းထက်နေရာပိုပေးသွားဖို့ရှိကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အခုရာသီရဲ့ နောက်ဆုံးလက်ကျန်ပွဲစဉ်တွေမှာ အသင်းကို အလှည့်ကျပွဲထွက်စနစ် (rotation) အသုံးပြုသွားဖို့အကြောင်း ပြောကြားခဲ့ပါတယ်။
နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာပဲ အခုရာသီ ပြိုင်ပွဲစုံ ၅၀ ပွဲမှာ ၃၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားကာ အသင်းအတွက် နောက်ထပ် အံ့အားသင့်စရာကောင်းတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
ဒါပေမဲ့ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းဟာ ဂွါဒီယိုလာရဲ့ အသင်းမှာ အရန်ခုံမှာ ထိုင်ရတာမျိုး သိပ်မရှိတာကြောင့် သူ့ရဲ့ ကစားချိန်ဟာ ပီအက်စ်ဂျီအသင်းက အူစမန်ဒမ်ဘီလီထက် မိနစ်ပေါင်း ၂၀၀၀ ကျော်တောင် ပိုများနေပြီး အတော်လေး ပင်ပန်းနွမ်းနယ်နေတဲ့ ရာသီတစ်ခု ဖြစ်နေပါတယ်။
စီးတီးအသင်းဟာ ဒီတစ်ပတ်ပိတ်ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အဆိုပါ ပွဲစဉ်တွေမတိုင်ခင်မှာပဲ ဂွါဒီယိုလာက ဟာလန်းအနေနဲ့ အနည်းဆုံး တစ်ပွဲလောက် လွဲချော်နိုင်တာကြောင့် ကစားသမားတွေကို အလှည့်ကျပွဲထွက်ခိုင်းဖို့က အဓိကသော့ချက်ပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"ဟုတ်ပါတယ်၊ အထူးသဖြင့် အိုမာ (မာမွတ်ရှ်) အတွက်ပါ။ ပုံမှန်အားဖြင့် ကျွန်တော်တို့က တိုက်စစ်မှူး တစ်ဦးတည်းနဲ့ပဲ ကစားတာကြောင့် ဒါက မလွယ်ကူပါဘူး။ သူက တကယ့် တိုက်စစ်မှူးစစ်စစ် တစ်ဦးဖြစ်ပြီး အာလင်း (ဟာလန်း) ကလည်း အဲဒီနေရာမှာ ရှိနေတာကိုး။"
"အာလင်းက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ အိုမာရဲ့ ပါဝင်ကူညီမှုတွေ၊ သူကစားတဲ့ အချိန်တိုင်းမှာ သွင်းယူတဲ့ ဂိုးအရေအတွက်တွေကလည်း ရှိနေပါတယ်။ ကစားချိန်နဲ့ ဂိုးသွင်းနှုန်းကို ကြည့်မယ်ဆိုရင်လည်း တကယ်ကို ကောင်းမွန်လွန်းပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပါတယ်။"
"သူတို့အတွက် မလွယ်ကူဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ နောက်လာမယ့် ပွဲတွေမှာ သူတို့ ပါဝင်ကစားရမယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။ အသင်းကို အလှည့်ကျပွဲထွက်ခိုင်းစေချင်ပါတယ်၊ မဟုတ်ရင် ကျွန်တော်တို့ ဗိုလ်လုပွဲ ဒါမှမဟုတ် ဘုန်းမောက်နဲ့ ပွဲစဉ်တွေကို ကောင်းကောင်း ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ မနက်ဖြန် ရလဒ်ကို ကြည့်ပြီးမှပဲ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချသွားမှာပါ။"
"အခုလို ပွဲစဉ်ဇယားတွေအတွက်ကတော့ အားလုံး အဆင်ပြေပါတယ်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာမို့ ကျွန်တော်တို့ လက်ခံပါတယ်။ ကျွန်တော် အမြဲတမ်း ပြောလေ့ရှိတာက အက်ဖ်အေဖလား ဗိုလ်လုပွဲကို မတက်နိုင်ဘူးဆိုရင် အခုလို ပွဲစဉ်ဇယားမျိုးကို ကြုံတွေ့ရမှာ မဟုတ်ဘူးဆိုတာပါပဲ။"
တကယ်လို့ ဟာလန်းသာ တစ်ပွဲလောက် အနားယူရမယ်ဆိုရင် အက်ဖ်အေဖလား ဗိုလ်လုပွဲက လွဲချော်ဖို့ အရေးကြီးလွန်းတာကြောင့် ပဲလေ့စ်နဲ့ ပွဲစဉ်မှာသာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ကစားသမားတွေကို အလှည့်ကျ သုံးစွဲဖို့က အဓိကဖြစ်တာကြောင့် ဟာလန်းအနေနဲ့ လာမယ့်တစ်ပတ်အတွင်းမှာ လိုအပ်နေတဲ့ အနားယူချိန်ကို ရရှိတော့မှာပဲ ဖြစ်ပါတယ်။