မန်စီးတီးကစားသမားတွေက အာဆင်နယ်ကိုအမီလိုက်ဖို့ နေ့တိုင်းစဉ်းစားနေတယ်လို့ ဆိုလာတဲ့ ဟာလန်း
ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက အသင်းရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အခုလို ဘရန်ဖို့ဒ် (The Bees) ကို အနိုင်ရခဲ့တာကြောင့် မန်စီးတီးဟာ အာဆင်နယ်နဲ့ အမှတ်ကွာဟမှုကို ၃ မှတ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။ မြောက်လန်ဒန်ကလပ် အာဆင်နယ်ကတော့ ဒီနေ့ နေ့လယ်ပိုင်းမှာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ဆိုရင် အာဆင်နယ်အသင်း ကျန်ရှိနေတဲ့ ပွဲစဉ် ၃ ပွဲထဲက တစ်ပွဲပွဲမှာ အမှတ်လျော့ဖို့ မန်စီးတီးက မျှော်လင့်ရမှာပါ။ တစ်ဖက်မှာလည်း မန်စီးတီးအနေနဲ့ ကျန်ရှိနေတဲ့ ပွဲစဉ်တွေအားလုံးမှာ အမှားအယွင်းမရှိ အနိုင်ရဖို့ လိုအပ်နေပါတယ်။
စနေနေ့ပွဲစဉ်မှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဟာလန်းက ပွဲအပြီးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး ဒီရာသီမှာ ဆုဖလားတွေ ထပ်မံရယူနိုင်ဖို့အတွက် အသင်းသားတွေကြားထဲမှာ ပြင်းထန်တဲ့ ရည်မှန်းချက်တွေ အမြဲရှိနေတယ်လို့ ဆိုပါတယ်။
"ခင်ဗျားက မန်စီးတီးအတွက် ကစားနေပြီဆိုရင် ဆုဖလားတွေအကြောင်းကို နေ့တိုင်း တွေးတောနေမိမှာပါ" လို့ တိုက်စစ်မှူးက ပြောပါတယ်။
"၃ ဂိုး - ဂိုးမရှိနဲ့ နိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ဂိုးကန်ချက်အချို့ လွဲချော်ခဲ့တာ ရှိတယ်။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမဲ့ ဖြတ်တင်ဘော အတော်များများကနေ နောက်ဆုံး ဂိုးဝင်အောင် မကန်နိုင်ခဲ့ကြဘူး။ ဘရန်ဖို့ဒ်က ကောင်းကောင်း ခုခံကစားနိုင်ခဲ့သလို အသင်းကောင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ လွယ်တဲ့ပွဲဆိုတာ မရှိပါဘူး။ ဒါကြောင့် အခုလို အနိုင်ရတာကို ဝမ်းသာပါတယ်" လို့ ပွဲပြီးချိန်မှာ ဟာလန်းက မှတ်ချက်ပေးခဲ့ပါတယ်။
ဒီရာသီ သူသွင်းယူထားတဲ့ ဂိုးအရေအတွက်နဲ့ ပတ်သက်ပြီးတော့လည်း "ကျွန်တော့်ရဲ့ တာဝန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ၂၆ ဂိုးဆိုတာ မနှစ်ကထက်တောင် ပိုများနေပြီဆိုတော့ အဆင်ပြေပါတယ်" လို့ ဆိုပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝက်စ်ဟမ်းအသင်းရဲ့ အားပေးစကားဖြစ်တဲ့ "Come on you Irons" လို့ အော်ဟစ်ခဲ့ပါတယ်။ အားလုံးရဲ့ အာရုံက ဝက်စ်ဟမ်းနဲ့ အာဆင်နယ်ပွဲစဉ်ဆီ ရောက်ရှိနေတာဖြစ်ပြီး စပိန်လူမျိုးနည်းပြကြီးနဲ့ သူ့ရဲ့အသင်းသားတွေကတော့ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ အာဆင်နယ်ကို အံ့အားသင့်ဖွယ် ရလဒ်တစ်ခု ဖော်ဆောင်ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။