အာဆင်နယ်နဲ့ပွဲစဉ်မှာ ဝီလ်ဆင်ရဲ့ချေပဂိုးကို ပယ်ဖျက်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဘိုဝင်
အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝီလ်ဆင်သွင်းယူခဲ့တဲ့ နာကျင်အချိန်ပိုချေပဂိုးကို ပယ်ဖျက်ခဲ့တဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အပေါ် ဝက်စ်ဟမ်းကပ္ပတိန်ဘိုဝင်က ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားလိုက်ပါတယ်။
လန်ဒန်ကွင်းပွဲစဉ်မှာ ထရိုဆက်ဒ်ရဲ့နောက်ကျဦးဆောင်ဂိုးကြောင့် ဝက်စ်ဟမ်းတို့ ရှုံးနိမ့်နေခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာ ဝီလ်ဆင်ရဲ့ချေပဂိုးနဲ့အတူ သရေတစ်မှတ်ရရှိဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ VAR ကြားဖြတ်ဝင်ရောက်မှုနဲ့အတူ အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယကို ဝက်စ်ဟမ်းကစားသမားပါဘလို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်ဆိုတဲ့စွဲချက်ဖြင့် ကွင်းလယ်ဒိုင်ခရစ်ကာဗာနက်က မူလဆုံးဖြတ်ချက်ကို ပြောင်းလဲကာ ဝီလ်ဆင်ရဲ့ချေပဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။
အခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် နူနိုဆန်းတို့စ်ရဲ့အသင်းက တန်းဆင်းဇုန်အတွင်းမှာပဲ ဆက်ရှိနေပြီး အနီးဆုံးပြိုင်ဘက်တော့တင်ဟမ်ထက် တစ်မှတ်လျော့နည်းနေပါတယ်။ တော့တင်ဟမ်ကတော့ တန်းဆင်းဇုန်တိုက်ပွဲဝင်ဘ၀တူပြိုင်ဘက်လိဒ်ယူနိုက်တက်နဲ့ တနင်္လာနေ့မှာ ကစားရဖို့ရှိနေပြီး အနိုင်ရလဒ်ဖော်ဆောင်နိုင်မယ်ဆိုရင် မြောက်လန်ဒန်သားတွေရဲ့အိပ်မက်တွေ ပိုမိုအားကောင်းလာနိုင်ပါတယ်။
"တကယ်ကို ထိုးနှက်ချက်တစ်ခုပါပဲ။ ကျွန်တော်တို့ သရေရအောင် ပြန်လုပ်နိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမဲ့ ဆုံးရှုံးလိုက်ရပါတယ်" လို့ ဘိုဝင်က ဆိုပါတယ်။ "မော်နီတာရှေ့မှာ ငါးမိနစ်လောက် သွားကြည့်နေရင်တော့ တစ်ခုခုကို ရှာတွေ့မှာပါပဲ၊ လုံးထွေးနေတာတွေ၊ ဆွဲထားတာတွေပေါ့။ ဒါက မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ထင်သလားဆိုရင် ကျွန်တော်မထင်ပါဘူး။ သမာသမတ်ကျမှု ဘယ်မှာလဲ။ ပရိသတ်တစ်ဦးအတွက် ဂိုးဝင်လို့ အောင်ပွဲခံပြီးမှ ရှစ်မိနစ်လောက်စောင့်ပြီး ဂိုးကိုပယ်ဖျက်ခံလိုက်ရတာမျိုး ဘယ်သူမှ မလိုချင်ကြပါဘူး"
ဝီလ်ဆင်ချေပဂိုးသွင်းယူတဲ့ဖြစ်စဉ်မှာလည်း ဒီကလန်ရိုက်စ်နဲ့ ထရိုဆက်ဒ်တို့ရဲ့ပြစ်ဒဏ်ဘောကျူးလွန်မှုရှိနေလို့ ပင်နယ်တီရသင့်တယ်လို့ ဝက်စ်ဟမ်းဘက်က တောင်းဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် ဘိုဝင်က ဒိုင်လူကြီးတွေဟာ တည်ကန်ဘောတွေမှာ ဖြစ်လေ့ရှိတဲ့ ပြစ်ဒဏ်ဘောတွေအပေါ် ဆုံးဖြတ်ရာမှာ တသမတ်တည်းမရှိဘူးလို့လည်း စွပ်စွဲခဲ့ပါတယ်။ "ထောင့်ကန်ဘောတွေမှာ ကိုယ်ခန္ဓာချင်း ထိတွေ့မှုတွေ ရှိတတ်ပါတယ်။ ပရီးမီးယားလိဂ်ဆိုတာကလည်း အဲလိုမျိုး ကြမ်းတမ်းတဲ့ ထိတွေ့မှုတွေရှိလို့ အားလုံး သဘောကျနေကြတာပါ။ ထောင့်ကန်ဘောဆိုရင် အထိအတွေ့ရှိမှာပဲဆိုတာ သိထားရပါမယ်။ အဲလိုဟာမျိုးကို ပြစ်ဒဏ်ဘောပေးမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိသမျှပွဲစဉ်တိုင်းကို အကုန်ပြစ်ဒဏ်ဘော ပေးရတော့ပါမယ်။ ဒါက ဘောလုံးပွဲရဲ့ သဘာဝမဟုတ်ပါဘူး။ ကျွန်တော် အဆိုးမြင်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်၊ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း ဆူချက်ဆွဲလှဲခံရပေမဲ့ ကျွန်တော်တို့ ပင်နယ်တီမရခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့ကျတော့ အဲဒီလိုပုံစံမျိုးကိုမှ ပြစ်ဒဏ်ဘောပါ ပေးလိုက်ပြန်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ဝက်စ်ဟမ်းနည်းပြ နူနိုဆန်းတို့စ်ကလည်း "ပွဲအပြီးမှာ ကျွန်တော်တို့အားလုံး စိတ်ပျက်မိတာတော့ အမှန်ပါပဲ။ စိတ်ပိုမပျက်ချင်တာကြောင့် ပြန်လည်ပြသမှုကိုတောင် သေချာမကြည့်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ ကွင်းလယ်ဒိုင်ရှိတယ်၊ VAR ရှိတယ်၊ အရင်က အလားတူအခြေအနေမျိုးတွေမှာ ဆုံးဖြတ်ပုံချင်း မတူခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီထက်ပိုပြီးတော့လည်း ကျွန်တော် မပြောချင်တော့ပါဘူး။ ပြီးခဲ့တဲ့ရာသီတွေမှစပြီး အခုလိုတွေ ခဏခဏ ဖြစ်နေတတ်တာကြောင့် ဒိုင်လူကြီးတွေကိုယ်တိုင်တောင် ဘယ်အရာက ပြစ်ဒဏ်ဘော၊ ဘယ်အရာက ပြစ်ဒဏ်ဘောမဟုတ်ဘူးဆိုတာကို မခွဲခြားနိုင်တော့သလိုပါပဲ။ ဒါ သံသယတွေနဲ့ ဝေဖန်မှုတွေကိုပဲ ပိုများလာစေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။