ဝက်စ်ဟမ်းကနေ ထွက်ခွာတော့မယ်လို့ အရိပ်အယောင်ပြသလာတဲ့ ဘိုဝမ်
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီးနောက်မှာ ဘိုဝမ်ဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ချက်ချင်းဆိုသလို မေးမြန်းခြင်း ခံခဲ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်က သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းကို "အခု ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ ဒီရာသီက ပြီးသွားပြီဆိုတော့ ပရီးမီးယားလိဂ်ကို ပြန်တက်နိုင်ဖို့ပါပဲ။ ဒါဟာ အရိုးရှင်းဆုံးပါပဲ" လို့ ပြန်လည်ဖြေကြားခဲ့ပြီး "ကျွန်တော်တို့ရဲ့ ပန်းတိုင်" ဆိုတဲ့ စကားလုံးကြောင့် ပရိသတ်တွေအတွက် မျှော်လင့်ချက် အနည်းငယ် ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၄ နာရီတောင် မပြည့်ခင်မှာပဲ ဘိုဝမ် ကိုယ်တိုင်တင်ခဲ့တဲ့ အင်စတာဂရမ်ပို့စ်တစ်ခုကြောင့် သူ အသင်းမှာ ဆက်ရှိနေဖို့ အခွင့်အလမ်းက ပျောက်ကွယ်သွားသလို ဖြစ်ခဲ့ရပါတယ်။ သူက အသင်းကနေ ထွက်ချင်တယ်လို့ တိုက်ရိုက်မပြောခဲ့ပေမဲ့ပေါ့။ ပရိသတ်တွေထံ ရည်ညွှန်းရေးသားထားတဲ့ သူ့ရဲ့ ရင်ဖွင့်စာအဆုံးမှာ "ဒီကလပ်အသင်းနဲ့ ပတ်သက်ပြီး ကျွန်တော်သိတာတစ်ခုက အခုအခြေအနေကနေ ပြန်ရုန်းထလာနိုင်ဖို့ ဆန္ဒနဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ရှိတယ်ဆိုတာပါပဲ။ ဒီကလပ်ဟာ ပရီမီယာလိဂ်နဲ့ပဲ ထိုက်တန်ပြီး အမြန်ဆုံး ပြန်ရောက်သွားဖို့လည်း ထိုက်တန်ပါတယ်" လို့ ရေးသားခဲ့တာပါ။ အဲဒီမှာ "ကျွန်တော်တို့အသင်း" လို့ မသုံးဘဲ "ဒီကလပ်အသင်း" လို့ သုံးနှုန်းခဲ့တာကြောင့် သူဟာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီဆိုတာကို ညွှန်ပြနေသလို ဖြစ်နေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ချန်ပီယံရှစ်ကို တန်းဆင်းသွားရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေကို ကာမိစေဖို့ ပေါင် ၁၅၀ သန်းတန်ကြေးရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဘိုဝမ်ကလည်း အဲဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။ အသက် ၂၉ နှစ်အရွယ် ဘိုဝမ်ဟာ ဒီရာသီ ပရီမီယာလိဂ် ၃၈ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၂၀ အထိ ရှိခဲ့သူဖြစ်ပြီး အသင်းတန်းဆင်းသွားပြီးနောက်မှာ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
တကယ်တော့ ဟားလ်စီးတီးကနေ ထွက်လာခဲ့ပြီး ၆ နှစ်အကြာမှာ ဘိုဝမ်လို အရည်အချင်းရှိတဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားတစ်ယောက်ဟာ ဒုတိယတန်းလိဂ်မှာ ကစားရလိမ့်မယ်ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် သူ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။