ယူနိုက်တက်အနေနဲ့ ကာရစ်ကို အမြန်ဆုံးခန့်အပ်သင့်ပြီး ကစားသမားသစ်တွေလည်း ခေါ်ယူဖို့ လိုအပ်နေပြီလို့ ဝိန်းရွန်းနီ ပြောကြား
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ဝိန်းရွန်းနီက ကလပ်အသင်းအနေနဲ့ မိုက်ကယ်ကားရစ်ကို အမြဲတမ်းနည်းပြအဖြစ် စာချုပ်ချုပ်ဆိုသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
ကားရစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို အတည်ပြုပေးနိုင်ခဲ့ပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်ဟာ အမြဲတမ်းနည်းပြရာထူး ရရှိဖို့အတွက် လုံလောက်မှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး အသင်းဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။
ကားရစ်ဟာ ပရိသတ်တွေကြားမှာတင်မကဘဲ ဘရူနို ဖာနန်ဒက်စ်လို အသင်းရဲ့ အဓိကကစားသမားတွေကြားမှာပါ အမြဲတမ်းနည်းပြ ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမဲ့ ယူနိုက်တက်အသင်းဘက်ကတော့ နည်းပြသစ်နဲ့ ပတ်သက်ပြီး အခုထက်ထိ အဆုံးအဖြတ် မပေးသေးတာ ဖြစ်ပါတယ်။
အရန်နည်းပြဟောင်း ကားရစ်ဟာ လိဒ်စ်နဲ့ပွဲမှာ သရေကျပြီးနောက် ရူဘင်အာမိုရင်ရဲ့ ပေါက်ကွဲခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီး ဇန်နဝါရီလမှာ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ အသင်းရဲ့ အခြေအနေကို လုံးဝပြောင်းလဲပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အသင်းက ဘယ်သူ့ကို နည်းပြအဖြစ် ခန့်မလဲဆိုတာ ဆုံးဖြတ်နေတုန်းမှာပဲ ဝိန်းရွန်းနီက Match of the Day အစီအစဉ်မှာ ပါဝင်ပြီး ဆုံးဖြတ်ချက်တွေ ကြန့်ကြာနေတာဟာ အသင်းအတွက် တကယ်တမ်း ထိခိုက်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
"မန်ယူအသင်းအနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်ပါတယ်။ ဒါက သူတို့ရောက်ချင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမယ်၊ လူစာရင်းကို အားဖြည့်ရပါမယ်။ ဒါကို ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ အခု ကျွန်တော်သာ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ယူက ကျွန်တော့်ကို ခေါ်ချင်တယ်ဆိုရင် ပထမဆုံး မေးမယ့်မေးခွန်းက 'ဘယ်သူက နည်းပြလဲ၊ နည်းပြကရော ကျွန်တော့်ကို လိုချင်တာလား' ဆိုတာပဲ ဖြစ်မှာပါ။ ဒါကြောင့် မန်ယူအနေနဲ့ နည်းပြကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ထားသင့်တယ်လို့ ထင်ပါတယ်" လို့ ဝိန်းရွန်းနီက ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "အသင်းအနေနဲ့ သူ့ကို နည်းပြအဖြစ် ကြေညာမယ်ဆိုရင် အမြန်ဆုံး လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် ကစားသမားသစ်တွေကို အမြန်ဆုံး ခေါ်ယူနိုင်ဖို့ လိုအပ်လို့ပါ" လို့လည်း ဆက်ပြောပါတယ်။
ကားရစ်ဟာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးထားနိုင်ပြီး လာမယ့်ရာသီမှာ အသင်းကို ဆက်လက်ဦးဆောင်ခွင့် ရ၊ မရ ဆိုတာနဲ့ ပတ်သက်လို့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ လာမယ့်လအနည်းငယ်အတွင်းမှာ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။