ခရစ္စတယ်ပဲလေ့စ်ကြောင့် ချဲလ်ဆီးရဲ့နည်းပြသစ်ရှာဖွေရေးအစီအစဉ်တွေ ပျက်စီးသွားနိုင်
ခရစ္စတယ်ပဲလေ့စ်အသင်းက အန်ဒိုနီအီရာအိုလာကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပြင်ဆင်နေပြီး ဒါဟာ ချဲလ်ဆီးအသင်းရဲ့အစီအစဉ်တွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
ဘုန်းမောက်အသင်းက အခုရာသီ၊ အီရာအိုလာလက်အောက်မှာ ပရီးမီးယားလိဂ် ၁၅ ပွဲဆက်ရှုံးပွဲမရှိစံချိန်နဲ့အတူ အောင်မြင်မှုတွေ ရရှိနေပါတယ်။
ဒါကြောင့် ဘုန်းမောက်မှ ထွက်ခွာတော့မယ်လို့ ကြေညာထားတဲ့ အီရော်လာကိုလည်း ယာယီနည်းပြတွေ ကိုင်တွယ်နေတဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက် အပါအဝင် အသင်းအတော်များများနဲ့ သတင်းတွေ ချိတ်ဆက်ထွက်ပေါ်လာခဲ့ပါတယ်။
လတ်တလော၊ ခရစ္စတယ်ပဲလေ့စ်အသင်းကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပအဆင့်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားတဲ့ နည်းပြဂလက်စ်နာလည်း ရာသီကုန်မှာ အသင်းမှထွက်ခွာဖို့ ရှိနေလို့ အီးဂဲလ်တွေကိုယ်တိုင် သူတို့အတွက် ရွေးချယ်စရာ နည်းပြလောင်းတွေကို ရှာဖွေနေပါတယ်။
BBC Sport နဲ့ The Standard တို့ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးက အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ရေပန်းအစားဆုံးအဆင့် မဟုတ်တော့ဘဲ စပိန်လူမျိုးနည်းပြကို လာမယ့်လတွေအတွင်း ခေါ်ယူနိုင်ဖို့ ခရစ္စတယ်ပဲလေ့စ်အသင်း အခြေအနေကောင်းလာနေတယ်လို့ သိရပါတယ်။
အီရာအိုလာကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ လျှို့ဝှက်ထားပြီး ဘုန်းမောက်မှ ဆဲလ်ဟတ်စ်ပတ်ခ်ဆီ ပြောင်းရွှေ့ဖို့ကိုလည်း မငြင်းဆိုထားပါဘူး။ ခရစ္စတယ်ပဲလေ့စ်နဲ့ ချဲလ်ဆီးတို့ကတော့ သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
အီရာအိုလာခေါ်ယူဖို့ပြိုင်ဆိုင်မှုမှာ အဓိကအဆုံးအဖြတ်ဖြစ်လာနိုင်တဲ့အချက်ကတော့ ဥရောပပြိုင်ပွဲ ကစားခွင့်ပဲ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းကို ယူရိုပါလိဂ်မှာ ဦးဆောင်ခွင့် ရရှိနိုင်မယ့် အခွင့်အရေးက အီရော်လာကို ဆွဲဆောင်နိုင်ဖို့ ရှိပေမဲ့ ချဲလ်ဆီးကတော့ အမှတ်ပေးဇယားအဆင့်-၉ မှာ နေရာနဲ့အတူ ဥရောပဝင်ခွင့်နေရာတွေနဲ့ အလှမ်းဝေးနေပါတယ်။
ရာသီပိတ်ကာလရောက်ရှိလာချိန် အီရာအိုလာက သူပြောင်းရွှေ့လိုတဲ့ကလပ်အသင်းကို စိတ်ကြိုက် ရွေးချယ်နိုင်ခွင့် ရှိနေပါတယ်။ ဒါ့အပြင် နောက်ထပ်သီတင်းပတ်အနည်းငယ်အတွင်း ဘုန်းမောက်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာမယ့် ဒီနည်းပြကို ရရှိဖို့အတွက် ချဲလ်ဆီးကိုယ်တိုင်လည်း အမြန်ဆုံးလှုပ်ရှားဖို့ လိုအပ်နေပါတယ်။