The network connection is lost.

Banner Image

ယူနိုက်တက်နဲ့သရေပွဲစဉ်အပြီး ဘောလုံးရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ အာရုံစိုက်နေတဲ့ ဆန်းဒါးလန်းကွင်းလယ်လူဇာခါ

မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အခုသီတင်းပတ်ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဇာခါက ဂုဏ်ယူမိတဲ့ကိစ္စနဲ့ စိတ်ပျက်မိတဲ့ကိစ္စတွေ ရောထွေးနေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဆန်းဒါးလန်းအသင်းက မိုက်ကယ်ကာရစ်ရဲ့သရဲနီတွေကို ကောင်းကောင်းယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး ပွဲကိုစိုးမိုးနိုင်တဲ့ အချိန်တွေရှိခဲ့ပေမဲ့ အဆုံးအဖြတ်သွင်းဂိုးတွေကိုတော့ မရှာဖွေနို်ငခဲ့ပါဘူး။

ဒီရလဒ်ကြောင့် ဆန်းဒါးလန်းတို့ရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ပေမဲ့ အာဆင်နယ်ကစားသမားဟောင်းဇာခါကတော့ ဘောလုံးရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ဖို့ဆိုတာ အသင်းရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ပွဲစဉ်ကို ပြီးပြည့်စုံလုနီးပါး ကစားနိုင်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့အသင်းတစ်ခုနဲ့ရင်ဆိုင်ကစားရချိန် ဘောလုံးပိုင်ဆိုင်မှု ရှိရှိ၊ မရှိရှိ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့တယ်။ အခွင့်အရေးတွေအများကြီးရခဲ့ရင် အနည်းဆုံးတစ်ဂိုးတော့ သွင်းနိုင်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ တစ်မှတ်တော့ ရခဲ့ပါတယ်။ ပထမပိုင်းမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြိုင်ဘက်ကို ဖိကစားထားနိုင်ခဲ့တယ်။ ဒါက တိုးတက်မှုဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ဆက်ပြီး ကြိုးစားသွားရပါမယ်" လို့ ချာကာက ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြောပါတယ်။

"အခု ၄၈ မှတ် ရထားပါတယ်။ ဒါက အခုမှတန်းတက်လာတဲ့ အသင်းအတွက် အံ့ဩစရာကောင်းတဲ့ ရာသီတစ်ခုပါပဲ။ ဒီလိုခြေစွမ်းမျိုးပြနိုင်တဲ့အခါ မျှော်လင့်ချက်တွေ မြင့်တက်လာတယ်ဆိုတာ သဘာဝကျပါတယ်။ ပိုကောင်းအောင် ဘာတွေလုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အခု လိုချင်တဲ့ပန်းတိုင်ကို နီးစပ်နေပြီဖြစ်လို့ နှိမ့်ချမှုရှိရှိနဲ့ အေးအေးဆေးဆေး ဆက်သွားဖို့ လိုပါတယ်" လို့လည်း သူက ဆိုပါတယ်။

ဆန်းဒါးလန်းအသင်းက အမှတ်ပေးဇယားရပ်တည်မှု ကောင်းမွန်နေပေမဲ့ ဥရောပဝင်ခွင့်ကို အသင်းရဲ့မူလပန်းတိုင်အဖြစ် မသတ်မှတ်ထားဘူးလို့ ဇာခါက ဆိုပါတယ်။

"ကျွန်တော်တို့ ဥရောပပြိုင်ပွဲအကြောင်း မစဉ်းစားပါဘူး။ ပွဲစဉ်တစ်ခုချင်းစီကိုပဲ အာရုံစိုက်ခဲ့တာပါ။ ၃၆ ပွဲ ကစားပြီးချိန်အထိလည်း ဒီစိတ်ဓာတ်က မပြောင်းလဲသေးပါဘူး။ ရာသီကို တတ်နိုင်သမျှ အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ချင်ပါတယ်။ အခု အဲဗာတန်၊ အဲဒီနောက် ချဲလ်ဆီးနဲ့ ကစားရပါမယ်။ ရမှတ်တွေ အများကြီး ထပ်ယူကြတာပေါ့" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

"ကောင်းမွန်တဲ့ခံစားချက်မျိုးနဲ့ ရာသီသိမ်းချင်ပါတယ်။ အရာရာအဆင်မပြေတဲ့ကာလတစ်ခု ရှိခဲ့ပေမဲ့ အခု ပြန်လာနိုင်ခဲ့ပြီ။ စိတ်ဓာတ်ပိုင်းက တကယ်ကို ကောင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဆက်ရှင်သန်ချင်ရင် ဒါမျိုး လိုအပ်ပါတယ်။ တစ်ဖက်က စိတ်ပျက်မိပေမဲ့ နောက်တစ်ဖက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်ပါတယ်" လို့ ချာကာက ပြောသွားခဲ့ပါတယ်။