ဆန်းဒါးလန်းနဲ့ သရေတစ်မှတ်စီခွဲယူပြီး အမှတ်ပေးဇယား အဆင့် ၃ မှာ ဆက်လက်ရပ်တည်နေတဲ့ ယူနိုက်တက်
ဆန်းဒါးလန်း ၀-၀ ယူနိုက်တက် (ပွဲပြီးရလဒ်) ပထမပိုင်းမှာ ဂိုးပေါက်ကန်သွင်းခွင့်တွေမရခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ဒုတိယပိုင်းမှာတော့ တိုက်စစ်ပိုင်းပိုမို အားကောင်းလာခဲ့ပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ အိမ်ရှင်ဆန်းဒါးလန်းအနေနဲ့လည်း တိုက်စစ်မှူး ဘရော့ဘီရဲ့အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် သရေရလဒ်နဲ့ရှောင်လွှဲပြီး ဥရောပဝင်ခွင့်ပိုမိုအားကောင်းသွားမှာဖြစ်ပေမယ့် အသုံးချနိုင်ခဲ့လို့ သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးယူနိုက်တက်ကတော့ ဒီပွဲမှာ ကစားသမားတွေဒဏ်ရာမရ၊ သရေတစ်မှတ်ရတာနဲ့တင် ကျေနပ်စရာဖြစ်နေတာကြောင့် နောက်ပိုင်းမှာ တိုက်စစ်ဆင်မှုတွေမလုပ်တော့ဘဲ ခံစစ်သာကစားခဲ့တာဖြစ်ပါတယ်။ ပွဲပြီးကာနီးမှာ မားသီးယက်စ်ကွန်ဟာတစ်ယောက် ဆန်းဒါးလန်းဂိုးဧရိယာထဲမှာ ဟန်ဆောင်လှဲချခဲ့လို့ အဝါကတ်ပြသခံခဲ့ရပါသေးတယ်။ ယခုသရေပွဲကြောင့် ယူနိုက်တက်ဟာ အဆင့် ၄ နေရာက လီဗာပူးကို ၆ မှတ်အထိ ဆက်လက်ဖြတ်တောက်ထားနိုင်ဆဲဖြစ်ပါတယ်။