ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကို ချန်ပီယံအသင်း လို့ ဆီးဒေါ့ဖ် ချီးကျူး
အာဆင်နယ်အသင်းကို ကလဲရင့်စ်ဆီးဒေါ့ဖ်က "ချန်ပီယံအသင်း" တစ်သင်းအဖြစ် တင်စားခေါ်ဝေါ်လိုက်ပါတယ်။
အကြိတ်အနယ်ရှိခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဘူကာယိုဆာကာက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ မက်ဒရစ်မြေက ပထမအကျော့ပွဲစဉ်မှာ ၁-၁ ဂိုးနဲ့ သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ ဗိုလ်လုပွဲတက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂန်းနားတို့ဟာ အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုအရှိန်အဟုန်ကို အသုံးချပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့သလို ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲဆီ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
"ဒီနေ့မှာတော့ ချန်ပီယံဖြစ်မယ့် အသင်းတစ်သင်းရဲ့ ပုံစံမျိုးကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်" လို့ ဆီးဒေါ့ဖ်က Amazon Prime ကို ပြောပါတယ်။ "ပွဲစကနေ အဆုံးအထိ သူတို့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ပထမပိုင်းမှာ ပွဲကို အရမ်းကြီး အတင်းအကျပ် မကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ အရင်ထက် ပိုပြီး ကြိုးစားကစားခဲ့ရပါတယ်။"
"နောက်ထပ် အန္တရာယ်အဖြစ်မခံချင်တော့တဲ့အတွက် သူတို့ ဘယ်လိုခုခံကာကွယ်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ဒီနေ့ပွဲမှာ ဂါဘရီယယ်လ်ရဲ့ ကစားပုံက တကယ်ကို အထင်ကြီးစရာပါပဲ။"
"အရင်ကတော့ ကျွန်တော်တို့ စိုးရိမ်ခဲ့ကြပေမဲ့ တစ်သင်းလုံးက တည်တည်ငြိမ်ငြိမ်နဲ့ စုစည်းမှုရှိခဲ့ကြပါတယ်။ သူတို့ နောက်ဆုံးမိနစ်အထိ အစွမ်းကုန် ပေးဆပ်ကစားခဲ့ကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ဒီလနှောင်းပိုင်းမှာတော့ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့ရှိ ပွတ်ရှ်ကပ်စ်အာရီနာကွင်းမှာ ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။