ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့တဲ့ အာဆင်နယ်ကို ချန်ပီယံအသင်းလို့ ဆီးဒေါ့ဖ် ချီးကျူး
ဆီးဒေါ့ဖ်က အမ်းမရိတ်စ်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ်ကို ၁-ဝ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တဲ့ ဂန်းနားတွေကို “ချန်ပီယံအသင်း”လို့ တင်စားပြောဆိုလိုက်ပါတယ်။
အကြိတ်အနယ်ရှိလှတဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဘူကာယိုဆာကာက အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပထမအကျော့တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့အတူ အာဆင်နယ်က နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အခုပွဲစဉ်မှာ အာဆင်နယ်က အိမ်ကွင်းပရိသတ်တွေရဲ့အားပေးမှုအရှိန်အဟုန်ကို အသုံးချပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့သလို ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပအဆင့်ပြိုင်ပွဲဗိုလ်လုပွဲဆီ ရောက်ရှိလာခဲ့ပါတယ်။
"ဒီနေ့မှာတော့ ချန်ပီယံအသင်းတစ်ခုရဲ့ပုံစံမျိုးကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်" လို့ ဆီးဒေါ့ဖ်က Amazon Prime ကို ပြောကြားခဲ့ပါတယ်။
"ပွဲချိန်တလျှောက်လုံး အာဆင်နယ်ကပွဲကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ပထမပိုင်းမှာ ပွဲကို အတင်းအကျပ်တွန်းအားမပေးဘဲ ကစားခဲ့သလို ဒုတိယပိုင်းမှာတော့ အရင်ထက် နည်းနည်းပိုပြီး ကြိုးစားကစားခဲ့ရပါတယ်။ ထပ်ပြီး စွန့်စားရတာမျိုး မလုပ်ချင်တော့ဘူးလေ။ သူတို့က ခံစစ်ကို ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒီနေ့မှာ မာဂယ်လ်ဟေးစ်ရဲ့ကစားပုံက တကယ်ကို အထင်ကြီးစရာကောင်းပါတယ်"
"အရင်ကတော့ ကျွန်တော်တို့ စိုးရိမ်ခဲ့ကြပေမဲ့ အသင်းတစ်ခုလုံး တည်တည်ငြိမ်ငြိမ်ရှိခဲ့ပါတယ်။ သူတို့ဟာ နောက်ဆုံးမိနစ်အထိ အစွမ်းကုန် ကြိုးစားကစားသွားခဲ့ကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အာဆင်နယ်အသင်းက ဒီလနှောင်းပိုင်း၊ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့ရှိ Puskas Arena ကွင်းဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ် (သို့မဟုတ်) လက်ရှိချန်ပီယံပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရပါမယ်။